မနက်ဖြန်မှ စတင်ကာ ထိုင်းနိုင်ငံ၌ စက်သုံးဆီစျေး တိုးမြှင့် ရောင်းချမည်

ဓာတ်ပုံ - Thai Enquirer

ထိုင်းနိုင်ငံတွင် လာမည့် မတ်လ ၁၈ ရက်နေ့မှစတင်ကာ စက်သုံးဆီစျေးနှုန်းများကို တိုးမြှင့်သတ်မှတ်သွားရန် စီစဉ်နေပြီး အခြေခံလူတန်းစားများ အဓိကအသုံးပြုသည့် ဒီဇယ်စျေးနှုန်းကိုမူ တစ်လီတာလျှင် ၃၃ ဘတ်ထက်မပိုစေရန် အာဏာပိုင်များက အမြင့်ဆုံးကန့်သတ်ချက် (Cap) ထားရှိမည်ဖြစ်သည်။

လက်ရှိတွင် ဒီဇယ်တစ်လီတာလျှင် ၂၉.၉၄ ဘတ်ရှိနေရာမှ စျေးနှုန်းမြင့်တက်လာမည်ဖြစ်သော်လည်း ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် စက်သုံးဆီရန်ပုံငွေအပေါ် ကျရောက်နေသော ဖိအားများကို လျှော့ချနိုင်ရန်အတွက် ယခုကဲ့သို့ ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စျေးနှုန်းညှိနှိုင်းမှုမှာ ကနဦးတွင် ပြားအနည်းငယ်မျှသာ တဖြည်းဖြည်းချင်း တိုးမြှင့်သွားဖွယ်ရှိပြီး ၎င်းသည် လွန်ခဲ့သည့် နှစ်ပတ်အတွင်း ဓာတ်ဆီစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာပြီးနောက် ထွက်ပေါ်လာသည့် အစီအစဉ်လည်းဖြစ်သည်။

အစိုးရအနေဖြင့် ကမ္ဘာ့စျေးကွက်အခြေအနေနှင့်အညီ စျေးနှုန်းကို လိုက်ပါညှိနှိုင်းနေခြင်းဖြစ်သော်လည်း ပြည်တွင်းကုန်စျေးနှုန်း အဆမတန် မြင့်တက်မသွားစေရန်အတွက် ဒီဇယ်စျေးကို စနစ်တကျ ထိန်းညှိနေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

စက်သုံးဆီဖူလုံမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေသော်လည်း ထိုင်းနိုင်ငံ၏ စက်သုံးဆီလက်ကျန်မှာ ယခင်က ရက်ပေါင်း ၉၀ မှ ၉၅ ရက်စာသာရှိရာမှ ယခုအခါ ရက်ပေါင်း ၉၆ ရက်မှ ၁၀၀ အထိ သိုလှောင်ထားနိုင်သဖြင့် ဖူလုံမှုရှိကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

သို့သော်လည်း စျေးနှုန်းများ ဆက်တိုက်တက်မည်ကို စိုးရိမ်ပြီး ကြိုတင်ဝယ်ယူစုဆောင်းမှု (Panic Buying) များပြားနေခြင်းကြောင့် ဝယ်လိုအားမှာ ပုံမှန်ထက် ၂ ဆမှ ၃ ဆအထိ မြင့်တက်နေကာ ဖြန့်ဖြူးရေးကွင်းဆက်အပေါ်တွင်လည်း ဖိအားများဖြစ်ပေါ်နေသည်။

စျေးနှုန်းများ တည်ငြိမ်စေရေးအတွက် အစိုးရအနေဖြင့် ဘတ် ၄၀ ဘီလီယံထက်မနည်း ထပ်မံချေးယူရန် စဉ်းစားနေပြီး စုစုပေါင်း ချေးယူနိုင်ခြေမှာ ဘတ် ၁၀၀ ဘီလီယံဝန်းကျင်အထိ ရှိလာနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၏ စက်သုံးဆီရန်ပုံငွေသည် ဘတ် ၁၀ ဘီလီယံမှ ၁၂ ဘီလီယံအကြား အရှုံးပေါ်နေပြီး နောက်ထပ် ဆုံးရှုံးမှုများ မကြီးထွားစေရန်အတွက် အရှုံးပမာဏကို ဘတ် ၄၀ ဘီလီယံထက် မကျော်လွန်စေရန်လည်း အမြင့်ဆုံး ကန့်သတ်ချက်များ ထားရှိဖွယ်ရှိသည်။

ထိုင်းအစိုးရသည် စက်သုံးဆီစျေးနှုန်းများကို စျေးကွက်ပေါက်စျေးနှင့်အညီ ပြင်ဆင်နေသော်လည်း ဒီဇယ်စျေးကို ထိန်းချုပ်ထားခြင်းဖြင့် ကုန်စည်စီးဆင်းမှု ကုန်ကျစရိတ်ကို ထိန်းညှိရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

သို့သော်လည်း ပြည်သူများအကြား စိုးရိမ်စိတ်ဖြင့် ဆီဝယ်ယူစုဆောင်းမှုများပြားနေခြင်းမှာ ဖြန့်ဖြူးရေးအပိုင်းတွင် အခက်အခဲဖြစ်စေနိုင်သဖြင့် အစိုးရအနေဖြင့် စျေးနှုန်းတည်ငြိမ်ရေးနှင့်အတူ ဆီဖူလုံမှုအခြေအနေကိုပါ အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။