ပေါက်ကြားထားသည့်စာရင်းအတိုင်း အောင်လင်းဒွေးနှင့် Jeng Phang နော်တောင် တို့ကို တရားမဝင် အမျိုးသားလွှတ်တော်၏ ဥက္ကဌနှင့် ဒုဥက္ကဌအဖြစ် ပြိုင်ဘက်မရှိ ရွေးချယ်လိုက်ကြောင်း သိရသည်။
ယနေ့(မတ်၁၈ရက်)စတင်ပြုလုပ်သော တရားမဝင် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မင်း အောင်လှိုင်ခန့် ကာလုံအမှုဆောင်ချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေးကို အမျိုးသားလွှတ် တော်ဥက္ကဌအဖြစ် တစ်ဦးတည်း အမည်စာရင်းတင်သွင်းကာ ခန့်အပ်လိုက်ခြင်းဖြစ်သည်။
“အခု ပေါက်ကြားထားတဲ့စာရင်းက အကြံအဖန်လွှတ်တော်၂ရပ်စလုံးက မှန်တယ်ဆိုတော့ နောက် ထပ်စိတ်ဝင်စားစရာက ပေါက်ကြားထားတဲ့လူစာရင်းအတိုင်း စိုးဝင်းကို တပ်ချုပ်ပေးမလား ဆိုတာ ပဲ။တကယ်မို့ စိုးဝင်းကို တပ်ချုပ်ပေးခဲ့ရင်တောင် နှစ်အကန့်အသတ်နဲ့ ပေးတာမျိုး ဖြစ်နိုင်တယ်။ မင်းအောင်လှိုင်ကတော့ သမ္မတရူးအဖြစ်ကနေ တစ်ပြားမှ လျှော့မှာ မဟုတ်ဘူး”ဟု ရန်ကုန်အခြေ စိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦး ကMPAသို့ပြောသည်။
အောင်လင်းဒွေးသည် ၂၀၂၅အတုအယောင်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြု PR စနစ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
Jeng Phang နော်တောင် မှာ မင်းအောင်လှိုင်ခန့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်ပြီး ကြံ့ဖွံ့ပါတီကိုယ်စားပြု ကချင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂မှ ရွေးချယ်ခံထားရသူဖြစ်သည်။
