ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ ဖုန်းနှစ်လုံးခိုးယူထွက်ပြေးသည့် ကလေးကို ပြန်လည်ဖမ်းမိခဲ့ပြီး ဖုန်းများလည်း ပြန်လည်ရရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ခေါင်းဆောင် ဦးထင်လင်းအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
လှိုင်သာယာမြို့နယ်၊ သမကုန်းရပ်ကွက်တွင် နေထိုင်သည့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းက သားဖြစ်သူ မောင်မျိုးမင်းသန့်အား အကျင့်စာရိတ္တပြုပြင်နိုင်စေရန် ရည်ရွယ်ကာ ပုလဲအရန်မီးသတ်စခန်းသို့ လာရောက်အပ်နှံထားခဲ့သည်။
အဆိုပါကလေးငယ်သည် ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့ ရောက်ရှိပြီး ခြောက်ရက်အကြာ မတ် ၁၆ ရက်တွင် စခန်းအတွင်းရှိ တပ်ဖွဲ့ဝင်နှစ်ဦး၏ လက်ကိုင်ဖုန်းနှစ်လုံးအား ခိုးယူကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
“ဖုန်းနှစ်လုံးလည်း ပြန်ရပါပြီ။ မနေ့ကညက (မတ် ၁၇ ရက်) က ပြန်ရောက်ပါတယ်။ ဝိုင်းဝန်းကူညီပေးသော ပုလဲအရန်မီးသတ်တပ်ဖွဲ့ကို ချစ်ခင်မြတ်နိုးကြတဲ့ မိဘပြည်သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ခေါင်းဆောင် ဦးထင်လင်းအောင်က ၎င်း၏ လူမှုကွန်ရက်၌ Live လွှင့်ပြောကြားထားသည်။
သားသမီး၊ မိသားစုနှင့် မိဘများကို ကိုယ်ချင်းစာသည့်စိတ်ဖြင့် အဆိုပါကလေးငယ်အား ဒုတိယအကြိမ် ထပ်မံထိန်းသိမ်းပေးမည်ဖြစ်ကြောင်း ဦးထင်လင်းအောင်က ဆိုသည်။
“မိဘအများစုကလည်း သားသမီးအပေါ် ဆုံးမမှုမရှိဘူး။ တချို့က သားသမီးကို ဆုံးမတဲ့ပုံစံတွေက မှားနေကြတယ်။ ဆဲဆိုရိုက်နှက်ပြီး ဆုံးမကြတယ်။ အထိန်းအကွပ်မရှိကြဘူး။ ဒါတွေဖြစ်လာရတာ ကလေးကိုချည်း အပြစ်ပြောလို့မရဘူး၊ အဓိကက လူကြီးတွေကြောင့်ပဲ” ဟု မင်္ဂလာဒုံမြို့နယ်မှ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိ ဆုတ်ယုတ်လာသော လူမှုအသိုင်းအဝိုင်းအတွင်း၌ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ငွေကြေးအခက်အခဲနှင့် စီးပွားရေးကိုသာ ရှေးရှုနေရသဖြင့် မိမိတို့၏ သားသမီးများကို အုပ်ထိန်းရာ၌ လျော့ရဲခြင်း၊ အရွယ်မရောက်သေးသော ကလေးများ၏ အပေါင်းအသင်းမှားမှုတို့ကြောင့် ကလေးငယ်များ လမ်းမှားသို့ ရောက်ရှိနိုင်ရန် ရာခိုင်နှုန်းအားဖြင့် များပြားနေသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးစနစ် ယိုယွင်းလာမှုကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကလေးငယ်များ ပိုမိုများပြားလာခြင်းကလည်း ကလေးသူငယ်များ၏ အနာဂတ်နှင့် အကျင့်စာရိတ္တပိုင်းကို ပျက်စီးစေကြောင်း အသက် ၃၀ နှစ်အရွယ် ကျောင်းဆရာတစ်ဦးက ဆိုသည်။
“တချို့ကလေးတွေက ကျောင်းစာမသင်ရတော့ အပြင်ရောက်သွားတဲ့အခါ လူပေါင်းမှားတာတွေရှိမယ်၊ ဆယ်ကျော်သက်ဝန်းကျင်တွေက စိတ်ကြွနေတဲ့အချိန်ဆိုတော့ မြှောက်ပေးရင် လုပ်ကြမှာပဲ။ အဲ့ဒီလိုကာလတွေမှာ ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်းလိုက်ရင် အဆင်ပြေလာတာမျိုး ရှိတယ်” ဟု ၎င်းက ဆိုသည်။
လူ့စွမ်းအားရင်းမြစ်အခြေခံဖြစ်သည့် ကလေးငယ်များကို လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်များ လှပစေရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြည်သူများက ဆိုသည်။
