အရက်မူးအောင်တိုက်ပြီး စစ်တပ်ထံ ရောင်းစားခံလိုက်ရသည့်လူငယ် ဒဏ်ရာများဖြင့် ပြန်လွတ်လာ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်း အရက်မူးအောင်တိုက်ပြီး စစ်တပ်ထံ ရောင်းစားခြင်းခံလိုက်ရ သည့်လူငယ်မှာ ဒဏ်ရာများဖြင့် ပြန်လွတ်လာကြောင်း သိရသည်။

ယင်းရောင်းစားခံရသည့်လူငယ်သည် အခြားလူငယ်တစ်ဦးနှင့် အွန်လိုင်းပေါ်တွင် ခင်မင်ပြီး စမ်းချောင်းမြို့နယ်၊ကိုးထပ်ကြီးဘုရားအနီး၌ မတ်လ၁၃ရက်တွင် အရက်ချိန်းသောက်ကြကြောင်း ထို့နောက် အရက်မူးနေသည့်အချိန်တွင်လူတစ်စု ရောက်လာကာ ယင်းလူငယ်အား ဖမ်းဆီးသွားကာ အင်းတကော်မြို့၊ စစ်တပ်စခန်းသို့ ပို့လိုက်ရာ အိမ်နှင့်အဆက်အသွယ်ရပြီးနောက် ငွေဖြင့် ပြန်ရွေးထုတ်လိုက်နိုင်ကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။

“ပြန်ရွေးမယ်ဆိုတော့ သိန်း ၇၀ စ တောင်းတယ်လို့ ပြောပါတယ်ဗျ။ ဈေးညှိလို့ ရလိုက်တယ်လို့ သိရပါတယ်ဗျ” RSN တာဝန်ရှိသူက MPAသို့ပြောသည်။

ယင်းလူငယ်သည် အသက်၁၈နှစ်အရွယ် ဖြစ်ပြီး ငွေမည်မျှပေးမှ ပြန်လွတ်လာသည်ကိုမူ မသိရသေးပေ။

“မတ်လ ၁၅ ရက်နေ့မှာ ပြန်လွတ်လာတာပါ။ ရိုက်နှက်ထုထောင်းခံထားရတယ်လို့ ပြောပါတယ်။ တပ်စခန်းထဲမှာ အသက်ကြီးပိုင်း၊ လူငယ်ပိုင်း အစုံရှိပြီး အချင်းချင်းရိုက်နှက်ခိုင်းတယ်လို့လည်း သိရတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

မတ်လ ၁၄ ရက်၊ည ၁၀ နာရီခန့်ကလည်း တောင်ဥက္ကလာမြို့နယ်၊ သစ္စာလမ်းပေါ်၌ အသက်၁၈နှစ် အရွယ် ယောကျ်ားလေးတစ်ဦး စက်ဘီးဖြင့် သွားလာနေစဉ် အိမ်စီးကားဖြင့် တိုက်ကာ လူတစ်စုက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ယင်းလူငယ်မှာ တောင်ဥက္ကလာမြို့နယ်၊ ၇ ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကာ မတ်လ ၁၆ ရက်နေ့ရောက်မှ ၎င်း၏အမျိုးသမီးထံ ဆက်သွယ်လာ၍ ဘုရင့်နောင်စစ်ကြော ရေးသို့ ရောက်နေသည်ဟု သိရပြီး ယင်းလူငယ် ပြန်လွတ်၊မ လွတ် မသိရသေးကြောင်း RSN ထံက သိရသည်။