The New York Times
အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် ဆင်နွှဲနေသောစစ်ပွဲကြောင့် အီရတ်အပါအဝင် ပါရှန်းပင်လယ်ကွေ့နိုင်ငံများတွင် လက်တုံ့ပြန်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေချိန်၌ နေတိုးအဖွဲ့သည် အီရတ်ရှိ ၎င်းတို့၏ နောက်ဆုံးကျန်ရှိနေသော စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးအရာရှိများကို သောကြာနေ့ (မတ်လ ၂၀ ရက်) တွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။
ဘယ်လ်ဂျီယံနိုင်ငံ၊ မွန်းစ်မြို့ရှိ မဟာမိတ်တပ်ဖွဲ့များ စစ်ဌာနချုပ်က ထုတ်ပြန်ချက်တွင် အီရတ်မစ်ရှင်မှ ဝန်ထမ်းများကို ဥရောပသို့ ဘေးကင်းစွာ ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
အီရတ်ရှိ နေတိုးမစ်ရှင်ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ အားနည်းနေသည့် အီရတ်လုံခြုံရေးတပ်ဖွဲ့များကို အားကောင်းလာစေရန် တိုက်ခိုက်ရေးမဟုတ်သော လေ့ကျင့်ရေးနှင့် အကြံပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားတို့တွင် အကြီးအကျယ် ရှုံးနိမ့်ဆုတ်ခွာနေချိန် ဖြစ်ကာ နေတိုးမစ်ရှင်၏ ရည်ရွယ်ချက်မှာ အီရတ်တပ်ဖွဲ့များက မိမိနိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပြီး IS အဖွဲ့ ပြန်လည်အခြေမချနိုင်စေရန် အာမခံချက်ပေးရန် ဖြစ်သည်။
ယခု တပ်ဖွဲ့များ ဆုတ်ခွာသွားသည့်နေ့မှာ ၂၀၀၃ ခုနှစ်က သမ္မတ ဆဒ္ဒမ်ဟူစိန်ကို ဖြုတ်ချရန် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ အီရတ်ကို ကျူးကျော်ခဲ့သည့်နေ့နှင့် ၂၃ နှစ်ပြည့် တိုက်တိုက်ဆိုင်ဆိုင် တူညီနေသည်။
ထိုကျူးကျော်မှုကြောင့် ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ပြီး နိုင်ငံကို မတည်မငြိမ်ဖြစ်စေကာ ထိခိုက်လွယ်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့များသည် ၂၀၁၁ ခုနှစ်အကုန်တွင် ဆုတ်ခွာခဲ့သော်လည်း လ အနည်းငယ်အကြာမှာပင် IS အဖွဲ့၏ သောင်းကျန်းမှုများ စတင်ခဲ့သည်။
နေတိုးအဖွဲ့၏ ထိပ်တန်းတပ်မှူး အမေရိကန်ဗိုလ်ချုပ်ကြီး Alexus Grynkewich က သောကြာနေ့တွင် အီရတ်အရာရှိများနှင့် မဟာမိတ်များကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ လုံခြုံရေးမစ်ရှင်ကို အီတလီနိုင်ငံ၊ နေပယ်လ်မြို့သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
၎င်းတို့အနေဖြင့် အီရတ်သို့ မည်သည့်အချိန်တွင် ပြန်လာမည် သို့မဟုတ် ပြန်လာဦးမည်လား ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
အီရတ်အရာရှိများ၏ ပြောကြားချက်အရ နေတိုးတပ်ဖွဲ့ဝင် ၁,၂၀၀ ခန့် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
IS အဖွဲ့ကို တိုက်ခိုက်ခဲ့သော အီရတ်လက်နက်ကိုင်အုပ်စုများထဲတွင် အီရန်က ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်များလည်း ပါဝင်သည်။
အီရတ်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့များနှင့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များအကြား ထိပ်တိုက်တွေ့မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့သည့်အပတ်ကပင် အမေရိကန် သံရုံးများကို ပြည်သူ့စစ်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသေးသည်။
အမေရိကန် စစ်ဘက်အရာရှိတစ်ဦး၏ ပြောကြားချက်အရ အီရတ်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀ ခန့် ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသည်။ (၂၀၀၈ ခုနှစ် အစောပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၆၅,၀၀၀ ခန့်အထိ ရှိခဲ့ဖူးသည်)
နေတိုးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Allison Hart က မဟာမိတ်အဖွဲ့၏ လေ့ကျင့်ရေးမစ်ရှင်မှာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးက အရေးအကြီးဆုံးပါပဲ” ဟု ၎င်းက ဆိုသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ပြောကြားရန် ငြင်းဆိုခဲ့သည်။
