စက်သုံးဆီဈေး ဆက်တက်နိုင်သည့်အခြေအနေကြောင့် အဝေးပြေးယာဉ်လိုင်းများကသင်္ကြန် အပြန် ကြိုတင်လက်မှတ်များကို မရောင်းချနိုင်သေးကြောင်း သိရသည်။
စက်သုံးဆီအကျပ်အတည်းကြောင့် အဝေးပြေးယာဉ်စီးခနှုန်းထားများမှာ မတ်လ၂၀ရက်တွင် ဒုတိယ အကြိမ်မြောက် ဈေးတက်ခဲ့ပြီး ဆက်လက်ဈေးတက်နိုင်သည့်အခြေအနေအရ ကြိုတင်လက်မှတ်များ မရောင်းချနိုင်သေးခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ ပွဲစားတစ်ဦးထံက သိရ သည်။
“အရင်နှစ်တွေတုန်းက အခုအချိန်ဆို ကြိုတင်လက်မှတ်ရောင်းနေပါပြီ။ဒီနှစ်တော့ ဆီဈေးက ထပ် တက်ရုံတင်မကဘူး။ဆီပါပြတ်မယ်ဆိုတဲ့အသံ ကြားနေရတယ်လေ။တချို့ယာဉ်လိုင်းတွေက ကြိုတင် လက်မှတ် ဘွတ်ကင်လက်ခံတယ်ဆိုပေမဲ့ ဈေးနှုန်းကျတော့ ကားထွက်တဲ့နေ့ သတ်မှတ်တဲ့ဈေးလို့ ပြောတယ်။ပြီးတော့ အဲဒီနေ့မှာ ကားထွက်၊မထွက်လည်း အာမမခံဘူးလို့ ပြောထားတယ်”ဟု ၎င်းက MPAသို့ပြောသည်။
အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ကြိုတင်လက်မှတ် စုံစမ်းသူလည်း မရှိသလောက်ရှားကြောင်း သိရသည်။
“ဈေးတွေက စွတ်တက်တယ်။ခရီးသွားရတာလည်း မလုံခြုံဘူး။ကျနော်သိရလောက် မနေ့ညအထိ ကြိုတင်လက်မှတ်အတွက် လူကိုယ်တိုင်ရော ဖုန်းဆက်ပြီးရော စုံစမ်းသူ ရှိကိုမရှိသေးတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
စက်သုံးဆီဈေးစတက်သည့်အချိန်တွင် အဝေးပြေးယာဉ်စီးခ အနည်းငယ်တက်ပြီး မတ်လ၂၀ရက် တွင် ၂ဆ တက်သွားကာ မန္တလေးအထူးကားမှာ ကျပ်၆သောင်းကျော်နေပြီဟု သိရသည်။
“သင်္ကြန်နားနီးရင် မန္တလေး လက်မှတ်ခက ၇သောင်းကျော်မှာပဲ”ဟု ၎င်းက ပြောသည်။
ယနေ့(မတ်၂၂ရက်)စက်သုံးဆီ ရန်ကုန်ရည်ညွှန်းဈေးမှာ ၉၂တစ်လီတာ ကျပ်၃၆၁၀၊ ၉၅တစ်လီတာ ကျပ်၃၈၅၀၊ ဒီဇယ်တစ်လီတာ ကျပ်၄၃၉၀နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ ကျပ်၄၈၂၀ ဖြစ်သည်။
စာတည်း-ML
