မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ငါးမင်းဆွေသည် မော်လမြိုင်မြို့မှစတင်ကာ မြစ်ကြီးနားမြို့အထိ ငြိမ်းချမ်းရေးအတွက် တစ်ကိုယ်တော်လမ်းလျှောက်ရန် စီစဉ်ခဲ့သော်လည်း စစ်ကိုင်းအရောက်၌ စစ်ကော်မရှင်၏ တားဆီးချင်းကို ခံခဲ့ရကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။
၎င်းသည် စစ်ကိုင်း-ဝက်လက်လမ်းကြောင်းအတိုင်း လမ်းလျှောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ကို စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံ စာတိုက်မှတစ်ဆင့် လျှောက်ထားခဲ့သည်။
အဆိုပါလျှောက်ထားချက်အပေါ် စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တင်ပြခဲ့ပြီးနောက် မတ်လ ၆ ရက်တွင် ကျင်းပသည့် အမှတ်(၃၃)တပ်မဌာနချုပ် သတင်းညှိနှိုင်းအစည်းအဝေး၌ လုံခြုံရေးအခြေအနေအရ ခွင့်မပြုသင့်ကြောင်း ဆုံးဖြတ်ခဲ့သည့်အတွက် မတ်လ ၂၁ ရက်တွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်၊ ဧရာဝတီတံတား (ရတနာပုံ) အလယ်သို့ ရောက်ရှိလာသော ငါးမင်းဆွေကို စစ်ကော်မရှင်က စောင့်ဆိုင်းတွေ့ဆုံခဲ့သည်။
“ကျတော့်ကို စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဥပဒေအရာရှိက သေချာရှင်းပြတယ်။ ကျတော့်ရဲ့ ငြိမ်းစုစီဥပဒေအရ စစ်ကိုင်းကနေ ဝက်လက်ကိုဖြတ်ဖို့တင်ထားတာကို စစ်ကိုင်းမြို့နယ်မှာ ဒေသံသရအမိန့်ထုတ်ထားတယ်။ အမိန့်က အတည်ဖြစ်နေတဲ့အတွက် စစ်ကိုင်းမြို့နယ်ထဲမှာ ငြိမ်းစုစီ ဥပဒေအရ လှည့်လည်ခွင့် စီတန်းခွင့်မရှိဘူးပေါ့ဗျာ၊ နယ်မြေလုံခြုံရေးကြောင့် ဒီအမိန့်ကိုထုတ်ရတယ်။ ဆက်သွားမယ်ဆိုရင် သူတို့က ဥပဒေအရ အရေးယူမယ်လို့ပြောတယ်။ ကျတော်ထောင်ဒဏ်သုံးလကို မကြောက်ပါဘူး။ ထောင်ထဲသာရောက်သွားရင် ကျတော်သွားချင်တဲ့ မြစ်ကြီးနားကိုရောက်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ ကျတော့်ငြိမ်းချမ်းရေး ခရီးစဉ်ကို စစ်ကိုင်းမြို့မှာ အဆုံးသတ်လိုက်တယ်။ ၂၅ရက်လျှောက်ခဲ့ပါတယ်” ဟု ငါးမင်းဆွေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရုပ်သံဖြင့်ဖြေကြားထားသည်။
တွေ့ဆုံစဉ် စစ်ကော်မရှင်တာဝန်ရှိသူများက စစ်ကိုင်းမြို့နယ်အတွင်း လက်ရှိလုံခြုံရေးအခြေအနေအရ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်းနှင့် လှုံ့ဆော်ဆန္ဒပြခြင်းမပြုရန် စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမိန့်အမှတ်စဉ်(၁/၂၀၂၆)၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ကြိုတင်ထုတ်ပြန်ထားရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
“ငါးမင်းဆွေ တင်ပြထားတဲ့ ငြိမ်းစုစီ လျှောက်ထားချက်က ဥပဒေပုဒ်မ ၁၀(ဋ) ပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ သူ့ကို ထပ်ပြီး အသိပေး ပြောပြခဲ့ရတာပါ။ ပြီးတော့ အဲဒီနေရာမှာ အသိသက်သေတွေရှေ့မှာပဲ သူ့ကို ဝန်ခံကတိ လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ သူကလည်း လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ အဲဒီလို လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်မှာ သူစီးလာတဲ့ကားနဲ့ပဲ မန္တလေးမြို့ဘက်ကို ပြန်ပြီး ထွက်ခွာသွားခဲ့တာပါ” လို့ ရဲသတင်းရင်းမြစ်က ပြောသည်
ငါးမင်းဆွေ၏ ဤခရီးစဉ်နှင့် ပတ်သက်၍ ပြည်သူများကြားတွင် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိသည်။ စစ်ဘေးဒဏ်သင့်နေသော ပြည်သူအချို့က ငြိမ်းချမ်းရေးကို တောင့်တသည့်အနေဖြင့် ၎င်း၏ခြေလှမ်းကို အားပေးကြသော်လည်း၊ အချို့မှာမူ လက်ရှိနိုင်ငံရေးအခြေအနေအရ ဤကဲ့သို့ လမ်းလျှောက်ခြင်းသည် အန္တရာယ်များလှကြောင်း သတိပေးပြောဆိုကြသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကာ ခြေလျှင်ခရီး လျှောက်လှမ်းနေသည့် ငါးမင်းဆွေ(ခ) ဦးမင်းဆွေ သည် ပြီးခဲ့သည့် မတ် ၂ရက်က ကျိုက်ထိုမြို့နယ်၌ ခွေးကိုက်ခံခဲ့ရကြောင်း ၎င်း၏ တစ်တော့ချန်နယ်တွင် ရုပ်သံဖြင့် ဖော်ပြခဲ့သေးသည်။
ငါးမင်းဆွေသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ ၈ရက်က ငါးမင်းဆွေသည် တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် စကားကို တစ်တော့ချန်နယ်၌ ပြောကြားမှုများပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၉ရက်တွင် စစ်တပ်က ဖမ်းဆီးကာ ရန်ကုန်တိုင်း၊ လှိုင်မြို့မ ရဲစခန်း၌ ၅၀၅(က)ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ၂၀၂၅ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
ငါးမင်းဆွေသည် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုမှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ကြောင့် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံခဲ့ရသေးသည်။
စာတည်း-ကိုဆန်း
