ကမ္ဘာ့ကဗျာနေ့ အခမ်းအနား ဘုတလင် တော်လှန်ရေးနယ်မြေတွင် ကျင်းပ

ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် တော်လှန်ရေးနယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မတ်လ ၂၁ ရက်‌တွင် ကျရောက်သည့် ကမ္ဘာ့ကဗျာနေ့ အမှတ်တရ ကဗျာရွတ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်တစ်နေရာ၌ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ-ဗလကသ(ဘုတလင်မြို့နယ်)နှင့် Federal Democratic Force (FDF)တို့ ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားသို့ တော်လှန်ကဗျာဆရာများ ၊ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ နှင့် တော်လှန်ရေး အဖွဲ့အစည်းများမှ ရဲဘော်များ စုစုပေါင်း လူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ-ဗလကသ က သတင်းထုတ်ပြန် ထားသည်။

“နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ကဗျာဆရာတွေ ၊ တော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကို တစ်မိနစ်ငြိမ်သက် အလေးပြုတာတွေပြုလုပ်ခဲ့ပါတယ်။ အခမ်းအ နားကျင်းပဖို့ အဓိက အခက်အခဲကတော့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာပါပဲခင်ဗျာ။ အခမ်းအ နားကတော့ ၂နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အခမ်းအနားပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ က တက်ရောက်လာတဲ့ကဗျာဆရာတွေ ၊ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ရဲ ဘော်တွေကို ထမင်းဧည့်ခံကျွေးမွေးပါတယ်။ အောင်အောင်မြင်မြင်ပဲ ပွဲပြီးဆုံးခဲ့ပါတယ်ခင်ဗျာ” ဟု ဗလကသ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ကမ္ဘာ့ကဗျာနေ့ ကဗျာရွတ်ပွဲ အခမ်းအနားကို တောင် ကိုရီးယားနိုင်ငံ ၊ ဘူဖျောင်းမြို့တွင်လည်း ကျင်းပခဲ့သေးကြောင်း သိရသည်။

ကမ္ဘာ့ကဗျာနေ့ကို UNESCO အဖွဲ့အစည်းက လူသားများ၏ စိတ်ကူးစိတ်သန်းများ ဖော်ပြရာတွင် ကဗျာ၏ အရေးပါမှုကို အသိအမှတ်ပြုရန်နှင့် ကွယ်ပျောက်လုနီးပါးဖြစ်နေသည့် ဘာသာစကားများကို ကဗျာမှတစ်ဆင့် ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၁၉၉၉ ခုနှစ်၌ စတင်သတ်မှတ်ခဲ့ပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပသည့် အကြိမ်၃၀မြောက် UNESCO အထွေထွေညီလာခံက အတည်ပြုခဲ့ခြင်း ဖြစ်သည်။

စာတည်း-ML