ယမန်နှစ်က မန္တလေးမြို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ဘဲ တိတ်ဆိတ်ခဲ့ရသော်လည်း၊ ၂၀၂၆ ခုနှစ်တွင်မူ မန္တလေးမဟာသင်္ကြန်ပွဲတော်ကို စည်ကားစေရန် စစ်ကော်မရှင်က စီစဉ်နေကြောင်း သိရသည်။
ယခုနှစ်တွင် ကျင်းပမည့် မန္တလေးသင်္ကြန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဦးဆောင်ကျင်းပမည်ဖြစ်ပြီး နန်းမြို့ရိုးကျုံးပတ်လည်၌ မဏ္ဍပ်ပေါင်း ၄၀ ကျော်အထိ တည်ဆောက်သွားမည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ပွဲတော်တွင် အစိုးရဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များက မဏ္ဍပ်များကို အားဖြည့်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
“ဒီနှစ် သင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်လည်းလုပ်မယ်လို့ကြားတယ်။ သေချာတော့မသိသေးဘူး။ မန္တလေးတစ်တိုင်းလုံးကို ပြန်သိမ်းနိုင်တယ်ဆိုပြီးတော့ စစ်တပ်က သင်္ကြန်နဲ့ ရောအောင်ပွဲခံဖို့လုပ်တာလို့မြင်တယ်။ သင်္ကြန်ဆိုတာ မပျော်ရတာ ငါးနှစ်ကျော်ပါပြီဗျာ” ဟု မန္တလေးမြို့ခံတစ်ဦးက မှတ်ချက်ပြုပြောသည်။
ထို့ပြင် မန္တလေးသင်္ကြန်ပွဲတော်အတွင်း ရိုးရာယဉ်ကျေးမှုကို ထင်ရှားပေါ်လွင်စေရန်ဟုဆိုကာ သနပ်ခါးနှင့် လက်ဖက်ဆိုင်ရာ ဂုဏ်ပြုအစီအစဉ်များကို ထည့်သွင်းမည်ဖြစ်ပြီး လောင်းလှေများ၊ အုန်းလက်မဏ္ဍပ်များနှင့် စဉ့်အိုးများကို ရိုးရာပုံစံအတိုင်းပြုလုပ်ပြီး ရေကစားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“၂၆လမ်းမှာ လမ်းလျှောက်သင်္ကြန်လုပ်မှာပါ၊ မြို့ရဲ့ ဂုဏ်ကို ပြန်ဖော်ဖို့ ဌာနဆိုင်ရာတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်သွားမှာဖြစ်တယ်။ လုံခြုံရေးအပိုင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်နေကြတယ်”ဟု မန္တလေးမြို့တော်စည်ပင်မှ အမည်မဖော်လို့သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ထင်ရှားပေါ်လွင်စေရန်အတွက် သနပ်ခါးနှင့် လက်ဖက်ဆိုင်ရာ ဂုဏ်ပြုအစီအစဉ်များကိုလည်း ထည့်သွင်းထားပြီး လောင်းလှေများ၊ စဉ့်အိုးများနှင့် အုန်းလက်မဏ္ဍပ်များဖြင့် ရိုးရာပုံစံအတိုင်း ရေကစားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“မနှစ်ကတော့ ငလျင်ကြောင့် တိတ်ဆိတ်နေခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အခုလို နန်းမြို့ရိုးကျုံးပတ်လည်မှာ ပြန်လည်စည်ကားမယ်ဆိုတော့ တော်တော်လေး ဝမ်းသာမိပါတယ်။ မန္တလေးသင်္ကြန်ဆိုတာ ဒီလိုကျုံးဘေးမှာပဲ အေးချမ်းပြီး ပျော်ရွှင်ဖို့ကောင်းတာပါ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
သို့သော်လည်း သင်္ကြန်ကာလအတွင်း လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုအချို့ ရှိနေသည့်အတွက် မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာဌာနများက လုံခြုံရေးအစီအမံများကို အပြည့်အဝ ပြင်ဆင်ထားကြောင်း သိရသည်။
“တစ်နိုင်ငံလုံးမှာ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့အချိန်မှာ သင်္ကြန်ပွဲကို အခုလို စည်စည်ကားကား ပြန်လုပ်ဖို့ ပြင်ဆင်နေတာကတော့ လူတွေကြားထဲမှာ အမြင်နှစ်မျိုး ဖြစ်နေတာပေါ့။ တစ်ဖက်က ကြည့်ရင်တော့ စီးပွားရေးတွေ၊ လူမှုရေးတွေ ပုံမှန်အတိုင်း ပြန်ဖြစ်စေချင်တဲ့စိတ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးရာပွဲတော်လေးကို ဖြတ်သန်းချင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ပြနေသလိုပါပဲ။ ဒါပေမဲ့ နောက်တစ်ဖက်မှာလည်း စစ်ဘေးဒဏ်ကို အလူးအလဲ ခံနေရတဲ့သူတွေရဲ့ နာကျင်မှုတွေ၊ နိုင်ငံရေးအခြေအနေတွေကြောင့် ဒီပွဲတော်ကို အားမလိုအားမရ ဖြစ်နေကြသူတွေ၊ စိုးရိမ်နေကြတဲ့သူတွေလည်း အများကြီး ရှိနေတာကိုတော့ လျစ်လျူရှုလို့ မရဘူးဗျ။” ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။
စာတည်း-ကိုဆန်း
