ရွှေဘိုထောင်တွင် ထောင်ဝန်ထမ်းများမွေးထားသည့် ဝက်များ၊ ခွေးများ ကျွေးပြီး ပိုသည့် ထမင်းကိုသာ နိုင်ကျဉ်းများ စားနေရ

ရွှေဘိုအကျဉ်းထောင်အား တွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် ထမင်းပေးဝေချိန်၌ ထောင်ဝန်ထမ်းမိသားစုဝင်များနှင့် ၎င်းတို့မွေးထားသည့် ဝက်များ၊ ခွေးများ ကျွေးပြီးပိုသည့် ထမင်းကိုသာ နိုင်ငံရေးအကျဉ်းသူများ စားနေရကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသူများမှ အကျဉ်းထောင်တွင်း ကျွေးသည့် ထမင်းမလုံလောက်သည့်အတွက် တောင်းဆိုသည့်အခါ ထောင်ဝန်ထမ်းများက ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ရွှေဘိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ထမင်းမလောက်လို့ ဖိုကြီးကနေ ထပ်တောင်းတဲ့အခါ ထမင်းတွေမကုန်ဘဲ အများကြီးယူကြတာဆိုပြီး ပြောတယ်၊ ပြီးတော့ အမှိုက်ပုံးထဲ ထမင်းတွေ့ရင် အကြောင်းသိမယ်ဆိုပြီး အဆောင်မှူး ဒေါ်စန္ဒာမူက ကြိမ်းမောင်းတာမျိုးတွေ လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ရွှေဘိုထောင်အတွင်း ကျွေးသည့် ထမင်းများမှာ စားရန် အဆင်မပြေသည်အထိ ဖြစ်နေကာ အသားဟင်းကျွေးရမည့်နေ့များတွင်လည်း တစ်ဦးလျှင် ကြက်ဥတစ်လုံးစီသာ ပေးပြီး ကျန်သည့် နေ့များတွင် မနက်ခင်းတွင် ပဲဟင်းနှင့် ညနေတွင် ကန်းစွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ မုန်ညင်းရွက်၊ မုန်လာဥရွက် စသည့် ဟင်းရည်တစ်မျိုးသာ ကျွေးနေကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသူများသည် ရေသန့်စက်ပျက်နေသည့်အတွက် ချိုးရေများကိုသာ သောက်နေကြရပြီး ရေလှူဒါန်းမည့် အလှူရှင်ရှိသော်လည်း ထောင်ဝန်ထမ်းများက လူကြားမကောင်းဟု ဆိုကာ ၎င်းတို့က ရေသန့်ဘူးများကို ရောင်းချနေကြကြောင်း ရွှေဘိုအကျဉ်းထောင်နှင့် နီးစပ်သူများက ဆိုသည်။

“အခုက ရေသန့်စက်ပျက်နေတယ်ဆိုတော့ ချိုးရေကိုပဲ သောက်ရေအဖြစ် အသုံးပြုနေရတယ်၊ အဲဒီရေတောင်မှ မနက် နှစ်ဘူး၊ ညနေ နှစ်ဘူးပဲ ပေးတယ်၊ ထောင်ထဲကို သောက်ရေသန့်လှူဒါန်းမယ့် အလှူရှင်ရှိလည်း လူကြားမကောင်းဆိုပြီး လှူဒါန်းမှုကို ခွင့်မပြုဘူး၊ ပြီးတော့ အဆောင်မှူးတွေက လီတာနှစ်ဆယ် ရေသန့်ဘူးကြီးတစ်ဘူးကို ခြောက်ထောင်ငါးရာ၊ တစ်လီတာတစ်ဘူးကို လေးရာ၊ ဈေးဘားကနေဆိုရင် တစ်လီတာဘူး ခြောက်လုံးပါ ရေသန့်တစ်ကတ်ကို ခြောက်ထောင်နဲ့ ရောင်းနေကြတယ်” ဟု ရွှေဘိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိမှု၊ အစားအသောက် လုံလောက်စွာ မရရှိမှုများသည် နိုင်ငံရေးအကျဉ်းသူများ၏ အသက်ရှင်ပိုင်ခွင့်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။

“ထောင်ထဲမှာ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ အခြေအနေကိုလည်း သိတယ်၊ ဒါပေမဲ့ ကျမတို့ပြောချင်တာက ကျမတို့ မဖြစ်နိုင်တာတွေကို တောင်းဆိုနေတာ မဟုတ်ဘူး၊ နိုင်ငံရေးအကျဉ်းသူတွေဟာ လူသားတွေဖြစ်တယ်၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်ရဖို့၊ သင့်တင့်မျှတပြီး လုံလောက်တဲ့ အစားအစာတွေရဖို့ပဲ တောင်းဆိုတာပါ၊ အခုဆို အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေက ထောင်ဝန်ထမ်းတွေ ကျွေးတာပဲ စားရမယ်၊ ထားတဲ့နေရာမှာပဲ နေရမယ်၊ ဘာမှ ပြန်ပြောခွင့်မရတဲ့ အခြေအနေဟာ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးနဲ့ ကျူးလွန်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀,၆၅၉) ဦးရှိကာ ယင်းတို့အနက် အမျိုးသမီး (၆,၃၃၇) ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

စာတည်း-ကိုဆန်း