အီရန်၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားမည်ဟု ခြိမ်းခြောက်မှုအား အမေရိကန် သမ္မတ ထရန့်က အမှန်တကယ်လုပ်ဆောင်လာပါက ဟော်မုဇ် ရေလက်ကြားကို အပြီး ပိတ်ပစ်မည်ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က မတ်လ ၂၂ ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဟော်မုဇ် ရေလက်ကြားအား ၄၈ နာရီအတွင်း အပြီးအပိုင် ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ချေမှုန်းပစ်မည် ဟု ထရန့်က မတ်လ ၂၂ ရက်နေ့တွင် ခြိမ်းခြောက်ခဲ့သည်။
စတုတ္ထပတ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည့် အီရန်စစ်ပွဲကို အရှိန်လျှော့ရပ်ဆိုင်းတော့မည် ဟု ထရန့်က ၎င်းကိုယ်တိုင် ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် စစ်ရေးအခြေအနေ သိသိသာသာ ပြင်းထန်လာခြင်း ဖြစ်သည်။
အမေရိကန်က အီရန်၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ပါက အမေရိကန် ရှယ်ယာပါဝင်သော ကုမ္ပဏီများကို “အပြီးတိုင် ဖျက်ဆီးပစ်မည်” ဖြစ်ကြောင်း၊ အမေရိကန် အခြေစိုက်စခန်းများ လက်ခံထားသော နိုင်ငံများရှိ စွမ်းအင် အဆောက်အအုံများသည်လည်း “တရားဝင် တိုက်ခိုက်ရမည့် ပစ်မှတ်များ” ဖြစ်လာမည် ဖြစ်ကြောင်းလည်း IRGC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟော်မုဇ် ရေလက်ကြားကို ၄၈ နာရီအတွင်း ဖွင့်ပေးရန် ဒေါ်နယ်ထရန့်၏ နောက်ဆုံးသတိပေးချက် ထွက်ပေါ်လာပြီးနောက် ယနေ့ မတ်လ ၂၃ရက် အစောပိုင်းတွင် ရေနံစျေးနှုန်းများ မြင့်တက်ခဲ့သည်။
အစ္စရေးကလည်း စစ်ပွဲသည် နောက်ထပ် သီတင်းပတ်အနည်းငယ်ကြာ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
