လောင်စာဆီအကျပ်အတည်း ရင်ဆိုင်နေရသော ၂ပတ်တာအတွင်း စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ပိုမိုမြင့်တက်လာကြောင်း သိရသည်။
မတ်လ၆ရက်မှ ၁၉ရက်အထိ စစ်တပ်က ၃၃မြို့နယ်အတွင်းရှိ အရပ်သားများကို ပစ်မှတ်ထား လေ ကြောင်းတိုက်ခိုက်မှု အနည်းဆုံး အခု၅၀ ကျူးလွန်ခဲ့ပြီး ဖေဖေါ်ဝါရီ၂၀ရက်မှ မတ်လ၅ရက်အထိ ၃၆မြို့နယ်အတွင်းရှိ အရပ်သားပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၄၅ခု ကျူး လွန်ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ “ မြင်ကွင်း-တော်လှန်စစ်ဆင်ရေး” အစီရင်ခံစာ များအရ သိရသည်။
“အခုလို မှတ်တမ်းမှတ်ရာ အတိအကျမဟုတ်ဘဲနဲ့ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေအရကို လေ ကြောင်းတိုက်ခိုက်တာ မလျော့သွားဘူးဆိုတာ မြင်သာပါတယ်။တစ်တိုင်းပြည်လုံး ဆီအကျပ်အ တည်းတွေ့လို့ ပြည်တွင်းလေကြောင်းလိုင်းတွေတောင် ဆီပြဿနာကြောင့် ရပ်ထားလိုက်ရပေမဲ့ မအလအတွက်ကတော့ ပြည်သူသတ်ဖို့ လေယာဉ်ဆီ အလုံအလောက်ရှိတာ ပေါ်လွင်နေပါတယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။
၂ပတ်တာ(မတ်လ၆-၁၉ရက်)အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၉၅ဦး သေဆုံးခဲ့ပြီး ဖေဖေါ်ဝါရီ၂၀-မတ်လ၅ရက် ၂ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည် သူ၇၂ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူဒဏ်ရာရမှုမှာလည်း မတ်လ၆ရက်-၁၉ရက်အတွင်း ၁၂၁ဦး ရှိပြီး ဖေဖေါ်ဝါရီ၂၀- မတ်၅ရက်အတွင်း ၉၂ဦးရှိကြောင်း သိရသည်။
ယခုအခါ လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းခရီးစဉ်များကို ရပ်နားထားရပြီဖြစ်သလို ပုဂ္ဂလိကယာဉ်များ စက်သုံးဆီဝယ်ယူခွင့်ကိုလည်း စစ်ကော်မရှင်က ထပ်မံကန့်သတ်လိုက်ပြီ ဖြစ်သည်။
