ရွှေဘိုထောင်တွင် ထောင်ဝင်စာတွေ့ခွင့်အတွက် ထောင်အာဏာပိုင်များကို ငွေပေးမှ တွေ့ခွင့်ရ

ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ - ထောင်ဝင်စာ ဧည့်‌တွေ့ခွင့်တစ်ခုအား တွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုထောင်တွင် ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ငွေကြေးကောက်ခံခြင်း၊ လက်ဆောင်ပစ္စည်းများပေးမှ ခွင့်ပြုခြင်း စသည့် လာဘ်ပေးလာဘ်ယူမှုများကို ထောင်အာဏာပိုင်များက ပြုလုပ်နေကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ခွင့်ပြုခဲ့သော်လည်း ရွှေဘိုထောင်တွင် လုံခြုံရေးအကြောင်းပြကာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ တရားဝင်ပိတ်ပင်ကာ လာဘ်ပေးလာဘ်ယူမှုများဖြင့်သာ ခွင့်ပြုနေခဲ့ပြီး ယခုလက်ရှိတွင် ပိုမိုဆိုးရွားနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) မှ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။

“အရင်ကလည်း ရွှေဘိုထောင်မှာ ဖြစ်နေတဲ့ ထောင်အာဏာပိုင်တွေရဲ့ လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး ကျမတို့ မိတ်ဖက်အဖွဲ့အစည်းတွေ ထုတ်ခဲ့တာမျိုးတွေရှိတယ်၊ သူတို့ (ထောင်အာဏာပိုင်များ) ဘက်ကနေ အဲဒီလိုကိစ္စတွေကို ဖြေရှင်းတာမျိုး မလုပ်တဲ့အပြင် မဟုတ်ပါဘူးဆိုပြီး သတင်းတွေ ပြန်ထုတ်တယ်၊ အခုလက်ရှိမှာက လာဘ်စားမှုတွေရော၊ နိုင်ငံရေးအကျဉ်းသူတွေအပေါ်မှာ ဖိနှိပ်မှုတွေက ပိုမိုဆိုးရွားလာလို့ WOPP အနေနဲ့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်၊ အကျဉ်းထောင်ဘက်ကို အာရုံစိုက်မှုနည်းလေလေ၊ ထောင်အာဏာပိုင်တွေက ဖိနှိပ်မှုတွေ ပိုလုပ်နေတဲ့ အခြေအနေဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရွှေဘိုထောင်တွင် ဧည့်တွေ့ခွင့်ကို ပိုက်ဆံပေးမှသာ ခွင့်ပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နှင့် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သဖြင့် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဝင်ရောက်စစ်ဆေးခဲ့ရာ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ပိုက်ဆံများပေးရခြင်းမရှိကြောင်း အကျဉ်းသူငါးဦး၊ အကျဉ်းသားငါးဦးတို့ကို ဖိအားပေးကာ သက်သေထွက်ဆိုခိုင်းခဲ့ပြီး စစ်ကော်မရှင်၏ ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် သတင်းတုသတင်းမှားအဖြစ် ထုတ်ပြန်ခဲ့ကြောင်း မဇူးဇူးမေယွန်းက ဆက်လက်ရှင်းပြသည်။

လက်ရှိ ရွှေဘိုထောင်တွင် ထောင်ဝင်စာဧည့်တွေ့ခွင့်အတွက် ထောင်အာဏာပိုင်များကို ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ ပေးနေရသည့်အပြင် ပေါ့ပါးသောအလုပ်လိုင်းရရှိရန်၊ တိုက်မှ အဆောင်သို့ပြောင်းရန်၊ အိပ်ရာနေရာပြောင်းရန်တို့အတွက် ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) မှ ယနေ့ (မတ်လ ၂၃ ရက်) ထုတ်ပြန်ထားသည်။

“ထောင်ဝင်စာတွေ့ဆုံရာမှာ ရိုးရိုးထောင်ဝင်စာနဲ့ ဧည့်တွေ့ထောင်ဝင်စာဆိုပြီး နှစ်မျိုးရှိတယ်၊ ရိုးရိုးထောင်ဝင်စာမှာ လိုအပ်တဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုမရှိဘူးဆိုပြီး လူတစ်ဦးကို တစ်သောင်းပေးရတယ်၊ သူတို့ (ထောင်အာဏာပိုင်များ) စိတ်မကျေနပ်ရင် တွေ့ခွင့်မပေးဘဲ ပြန်ခိုင်းတတ်တယ်၊ ဧည့်တွေ့ထောင်ဝင်စာဆို ထောင်ပိုင်အတွက် ပိုက်ဆံသုံးသိန်းနဲ့ လက်ဆောင်ပစ္စည်းတွေရယ်၊ ထောင်ပိုင်လေးအတွက် ပိုက်ဆံတစ်သိန်းနဲ့ လက်ဆောင်ပစ္စည်း၊ အဆောင်မှူးအတွက် ပိုက်ဆံငါးသောင်းနဲ့ လက်ဆောင်ပစ္စည်းတွေကို ပေးရတယ်၊ တစ်ခါတွေ့ရင် သုံးနာရီကြာတွေ့ခွင့်ပြုပြီး မိသားစုငါးဦးအထိ ခွင့်ပြုတယ်” ဟု ရွှေဘိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ထောင်တွင် ထမင်းပေးဝေချိန်၌ ထောင်ဝန်ထမ်းမိသားစုဝင်များနှင့် ၎င်းတို့မွေးထားသည့် ဝက်များ၊ ခွေးများ ကျွေးပြီး ပိုသည့် ထမင်းကိုသာ နိုင်ငံရေးအကျဉ်းသူများစားနေရပြီး ကျွေးသည့် ထမင်းများမှာ စားရန် အဆင်မပြေသည်အထိ ဖြစ်နေကာ အသားဟင်းကျွေးရမည့်နေ့များတွင်လည်း တစ်ဦးလျှင် ကြက်ဥတစ်လုံးစီသာ ပေးပြီး ကျန်သည့် နေ့များတွင် မနက်ခင်းတွင် ပဲဟင်းနှင့် ညနေတွင် ကန်းစွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ မုန်ညင်းရွက်၊ မုန်လာဥရွက် စသည့် ဟင်းရည်တစ်မျိုးသာ ကျွေးနေကြောင်း ၎င်းက ဆက်ပြောသည်။

“အကျဉ်းထောင်ဥပဒေဟာလည်း ထောင်အာဏာပိုင်တွေရဲ့ ပါးစပ်ဖျားမှာ ရှိနေတဲ့အတွက် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို တော်တော်ဆိုးဆိုး ခံနေကြရပါတယ်၊ အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချပြီး ငွေကြေးရှာဖွေနေတာဟာ အင်မတန် အောက်တန်းကျတဲ့လုပ်ရပ်လို့ပဲ မှတ်ချက်ပြုချင်ပါတယ်” ဟု မန္တလေးအိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။

အထက်ပါ အခြေအနေများသည် နိုင်ငံရေးအကျဉ်းသူများ၏ အခြေခံလူ့အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်နေသော လုပ်ရပ်များဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များမှ အကျဉ်းထောင်အတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ရန်၊ အကျဉ်းသူများ၏ လူ့အခွင့်အရေးများ၊ ကျန်းမာရေးနှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်ရန် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန်အတွက် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကျဉ်းထောင်အရေးကိစ္စများကို စောင့်ကြည့်လေ့လာပေးစေလိုကြောင်း WOPP အဖွဲ့က အသိပေးထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀,၆၅၉ ဦးရှိကာ ယင်းတို့အနက် အမျိုးသမီး ၆,၃၃၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။