စစ်မှုထမ်းကြေးကောက်သည့် မင်းလှ အုပ်ကြီးကို PDF ရှင်း

ဓာတ်ပုံ - ပေးပို့
ပုံစာ - ဝက်လှကြီးရွာ အုပ်ချုပ်ရေးမှူး အောင်ကျော်မိုး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာ အုပ်ချုပ်ရေးမှူးကို နေအိမ်တွင်သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

မတ်လ ၂၂ရက် ၊ ညနေ ၄နာရီ မိနစ် ၅၀ခန့်တွင် ပြည်သူကိုဒုက္ခပေးနေသော မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးကို ၎င်း၏ နေအိမ်၌ ရှိနေစဉ် သွားရောက်ဖမ်း ဆီးခဲ့ရာ ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း သိရသည်။

” ဝက်လှကြီးရွာမှာပဲ နေတာပါ။ သွားတုန်းက ဖမ်းဆီးစစ်ဆေးဖို့ပါ။ရဲဘော်တွေ သူ့ခြံဝရောက်တာ မြင်တော့ အိမ်ထဲကထွက်လာပြီးထွက်ပြေးဖို့ ကြိုးစားလို့ ၂ချက်လှမ်းပစ်လိုက်ရာမှာ ပွဲချင်းပြီးသေ တာပါ။ ပြန်ခုခံချိန်တောင် သူမရလိုက်ပါဘူး။ ပစ်ခတ်ပြီးမှ သူ့အိမ်ထဲဝင်ကြည့်တော့ ဘယ်သူမှတော့ မရှိဘူး ” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

အောင်ကျော်မိုးသည် စစ်ကွင်းမြို့၊ တာဆုံဂိတ်၌ အမြဲနေတတ်ပြီး အိမ်အပြန်၌ ဖမ်းဆီးရန် ကနဦးစီစဉ်ထားခဲ့ကြောင်း သိရသည်။

” သူပြန်အလာကိုစောင့်ပြီး ဖမ်းဖို့စီစဥ်တာပါ။ အဲ့နေ့က သူပြန်လာပြီသတင်းရလို့သွားပေမဲ့ အိမ်အရင်ပြန်ရောက်နေလို့ သူအိမ်ထိ လိုက်သွားရတာပါ။ ပစ်ခတ်ပြီးတော့ ရဲဘော်တွေပြန်လာပြီး မကြာဘူး။ စကမတပ်သားတွေရောက်လာကြောင်းသိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

၎င်းသည် ပြည်သူကို အာဏာပြကာ စစ်မှုထမ်းကြေး အတင်းအဓမ္မကောက်ခံခြင်းနှင့် မပေးနိုင်သည့်ပြည်သူများအား ဖမ်းဆီးခြင်းများပြုလုပ်ကြောင်း သိရသည်။

အောင်ကျော်မိုး၏နေအိမ်အတွင်းမှ စစ်မှုထမ်းကြေးကောက်ခံသည့်စာရွက်စာတမ်းများ၊ ၎င်း၏မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကို သာယာဝတီခရိုင် ပကဖ၊အမှတ်၁တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က ပြုလုပ်ခဲ့ကြောင်း သိရသည်။