ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် မြန်မာနိုင်ငံဘက်သို့ ဒီဇယ်ဆီများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းနေသည့် ၁၀ ဘီး ဆီတင်ကားတစ်စီးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တာ့ခ်ခရိုင် အာဏာပိုင်များသည် သတင်းပေးချက်အရ မတ်လ ၂၂ ရက်နေ့တွင် မဲဆောက်မြို့နယ်၊ သာ့ဆိုင်လွတ်ကျေးရွာအုပ်စု၊ နယ်စပ်အနီး၌ အဆိုပါကားကို တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးချက်အရ ယင်းဆီတင်ကားမှာ မှောင်ခိုလုပ်ငန်းအတွက် အထူးပြုပြင်ထားခြင်းဖြစ်ပြီး ဒီဇယ်ဆီလီတာ ၂၀,၀၀၀ တင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ အနီးဝန်းကျင်ရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်ရှာဖွေရာ ဆီသိုလှောင်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့် ဆီပုံးများစွာကို သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် လီတာ ၄,၅၀၀ ဆံ့ ဆီကန်နှစ်လုံး၊ လီတာ ၂၀၀ ဆံ့ ဆီပုံး ၁၀၁ ပုံးနှင့် လီတာ ၃၀ ဆံ့ ဆီပုံး ၈၅ ပုံးတို့ ပါဝင်ကြောင်း တာ့ခ်ခရိုင် ပြန်ကြားရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသော ယာဉ်မောင်း၊ ဆီတင်ကားနှင့် သိမ်းဆည်းရမိသည့် ဆီပုံးများကို မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး အဆိုပါမှောင်ခိုလုပ်ငန်း၏ နောက်ကွယ်မှ ငွေကြေးထောက်ပံ့သူများနှင့် လုပ်ကိုင်နေသူများကို ဆက်လက်ဖော်ထုတ်လျက်ရှိသည်။
လက်ရှိတွင် တာ့ခ်ခရိုင်အတွင်းရှိ နယ်စပ်မြို့နယ်များ၌ စက်သုံးဆီရှားပါးမှုပြဿနာကို အခြားသော ဒေသများနည်းတူ ရင်ဆိုင်နေရသည်။ မှောင်ခိုတင်ပို့မှုများကြောင့် ဒေသတွင်း ဆီရရှိမှု ပိုမိုနည်းပါးလာပြီး မဲဆောက်မြို့ရှိ ဆီဆိုင်များတွင်လည်း ကားတန်းများ ရှည်လျားစွာ စောင့်ဆိုင်းနေရကာ ဆီရောက်ရှိပြီး နာရီပိုင်းအတွင်းပင် ကုန်ဆုံးလျက်ရှိသည်။
တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး ချူဆပ်ရူးယင်းက စက်သုံးဆီ သိုလှောင်မှုနှင့် တရားမဝင် တင်ပို့မှုများကို တားဆီးရန်အတွက် ကင်းလှည့်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ရန် ညွှန်ကြားထားသည်။ ထို့ပြင် ဒေသခံပြည်သူများအနေဖြင့်လည်း သံသယဖြစ်ဖွယ်ရှိပါက အာဏာပိုင်များထံ သတင်းပေးပို့ကြရန် မေတ္တာရပ်ခံထားသည်။
