အကျဉ်းသူများ ကာယိန္ဒြေပျက်သည်အထိ ဆိုးဝါးသည့် ရှာဖွေမှုများနှင့် CCTV ဖြင့်ပါ စောင့်ကြည့်ခံနေရ

အကျဉ်းသူများမှာ ကာယိန္ဒြေပျက်သည်အထိ ဆိုးဝါးသည့် ရှာဖွေစစ်ဆေးမှုများနှင့် CCTV ဖြင့်ပါ စောင့်ကြည့်ခံနေရကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အကျဉ်းထောင်အချို့တွင် အကျဉ်းသူများကို တရားရုံးထွက်ချိန်နှင့် ပြန်လည်ဝင်ရောက် ချိန်များ၌ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် လူမြင်ကွင်းနေရာများ၌ပင် အဝတ်အစားများ ချွတ်ခိုင်းပြီး ရှာဖွေစစ်ဆေးခြင်းများပြုလုပ်ကာ အမျိုးသမီးများ၏ အရှက်နှင့် လူ့ဂုဏ်သိက္ခာကို ချိုးဖောက်လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့(မတ်လ ၂၃ ရက်)ထုတ်ပြန်သည့် “နရသိန်တွင်းက အဖိနှိပ်ခံ အမျိုးသမီးများ”စာတမ်း၌ ဖော်ပြထားသည်။

ယင်းကဲ့သို့ လုံခြုံရေးအကြောင်းပြ ရှာဖွေစစ်ဆေးမှုများသည် ဆေးဘက်ဆိုင်ရာအခြေခံချက်များ ၊ ခွင့်ပြုချက်များ (သို့မဟုတ်)သင့်လျော်သော လုပ်ထုံးလုပ်နည်းများ မပါရှိဘဲ အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို အလိုမတူဘဲ ကိုင်တွယ်ခြင်းဖြစ်ကြောင်း ၊ ရှာဖွေမှုအချို့တွင် အဝတ်များချွတ်ခိုင်း ခြင်းအပြင် ခန္ဓာကိုယ်အတွင်းပိုင်းများသို့ လက်ဖြင့်နှိုက်ခြင်းနှင့် အတွင်းခံဘောင်းဘီကိုချွတ်၍ မှန်ပေါ်ထိုင်ခိုင်းခြင်းကဲ့သို့ စစ်ဆေးမှုများလည်း ပါဝင်ကြောင်းနှင့် ယင်းကဲ့သို့ အမျိုးသမီးများနှင့် သက်ဆိုင်သော အထူးလိုအပ်ချက်များကို လုံးဝအလေးထားမှုမရှိခြင်းသည် လုံခြုံရေးအတွက် လိုအပ်သည့် နိုင်ငံတကာက ချမှတ်ထားသော စစ်ဆေးမှု လုပ်ငန်းစဉ်များကို ကျော်လွန်သွားကာ အရှက်ခွဲခြင်းနှင့် အာဏာသုံးအနိုင်ကျင့်မှု ပုံစံဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ ပါရှိသည်။

“တရားရုံးထွက်တဲ့အခါမှာ ဘယ်လိုစစ်လဲဆိုတော့ ကျမတို့ သွားပြီဆိုရင် တစ်ကိုယ်လုံးကို စစ်တာ။ ဘော်လီတွေဆိုရင်လည်း အတွင်းထဲထိ နှိုက်တယ်။ မိန်းမကိုယ်တွေကိုလည်း စမ်းတယ်။ တစ်ကိုယ် လုံး ရှိသမျှ ရင်ဘတ်တွေပါမ ကျန် ပျော့ပြဲနေအောင် နှိပ်၊ နှိပ်ပြီးတော့ ထိုးထည့်ပြီး ထိုးထည့်ပြီးတော့ ဆံပင်ကအစ မကျန်ဘူး အကုန်စစ်တာ။ မိန်းမကိုယ်ဆိုရင် အတွင်းခံအပေါ်ကနေ စမ်းလိုက်တာ။ မသင်္ကာဘူးဆိုရင်တော့ ဘောင်းဘီတွေ ဘာတွေ ချွတ်ခိုင်းပြီး နှိုက်စစ်တာ ရှိတယ်။ ရာသီလာနေ တဲ့အချိန်ဆိုရင် ကပ်ခွာ ကပ်ထား တာကို ချွတ်ပြရတယ်။ ရာသီလာတဲ့အချိန် ချွတ် ပြရတာကို ကျမ ကိုယ်တိုင်တွေ့ခဲ့ရတယ်။ သူတို့က အဲ့လိုကြီးတွေ စမ်းသပ်ပြီးတော့ ကာယအိန္ဒြေကြီးတွေ ပျက် လောက်တဲ့အထိ လုပ်တာကကျတော့ နည်းနည်းလွန်လွန်းအားကြီးတယ်လို့ ထင်တယ်။ ကျမတို့ ဘာမှမလုပ်ရဘဲ နဲ့ ဒီလောက်ကြီးစစ်တာကတော့ ကျမတို့ကို စိတ်ဒုက္ခပေးတယ်လို့ပဲ ထင်တယ်။ ဖိနှိပ်တယ်လို့ပဲ ခံယူတယ်”ဟု နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးကပြောကြောင်း ယင်းအစီရင်ခံစာ၌ ကောက်နုတ်ချက်အနေဖြင့် ပါရှိသည်။

အချို့အကျဉ်းထောင်များနှင့် ရဲစခန်းများတွင် အကျဉ်းသူများ နေထိုင်သည့် အိပ်ဆောင်များ၌ လုံခြုံ ရေးအကြောင်းပြ၍ CCTV ကင်မရာများ တပ်ဆင်ထားကာ စောင့်ကြည့်မှုများ ရှိကြောင်း ၊ ယင်းစောင့် ကြည့်မှုများသည် လုံခြုံရေးအတွက်သာမကဘဲ အာဏာသုံး အနိုင်ကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ ချိုး ဖောက်မှုများအတွက် အသုံးချနေကာ အချို့အခြေအနေများ၌ CCTV မှတစ်ဆင့် စောင့်ကြည့်ထား သည့် အချက်အလက်များကို အကြောင်းပြု၍ အကျဉ်းသူများအား လိင်ပိုင်းဆိုင်ရာ အရှက်ခွဲခြင်းနှင့် ဖိအားပေးခြင်းများပြုလုပ်သည့် ပုံစံများလည်း ရှိကြောင်း အိပ်နေစဉ် သို့မဟုတ် ကိုယ်ပိုင်အခြေအ နေများကို ထောက်ပြကာ ထုတ်ဖော်မည်ဟု ခြိမ်းခြောက်ခြင်းများသည် အမျိုးသမီးများအား အမြဲ တမ်း ကြောက်ရွံ့ထိတ်လန့်နေစေပြီး ကိုယ်ပိုင်လုံခြုံခွင့်ကို ထိပါးနှောင့်ယှက်နေခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

“ကျမ အဖမ်းခံရတဲ့ချိန်ကစတင်ပြီး ရဲစခန်းအချုပ်ခန်းထဲမှာ CCTV တပ်ထားတာကို တွေ့ရတဲ့အခါ စိတ်မလုံခြုံမှုကို စတင် ခံစားခဲ့ရပါတယ်။ အထူးသဖြင့် ရေချိုးတဲ့နေရာနှင့်တစ်တန်းတည်း ကျနေ ခြင်း ဖြစ်တဲ့အခါ ကျမအတွက် အင်မတန်မှ အခက်အခဲဖြစ်ခဲ့ရပါတယ်။ သူတို့တွေ ကျမရေချိုးတာကို စောင့်ကြည့်နေတာလား ဆိုတဲ့အတွေးတွေ တစ်ချိန်လုံးရခဲ့ပါတယ်။ အဝတ်ဝတ်ရင်တောင် အိမ်သာ ထဲမှာ သွားဝတ်ခဲ့ရပါတယ်။ ဒီလိုနှင့် အင်းစိန်ထောင်ကို ရောက်သွားတဲ့အခါမှာလည်း အစကတော့ CCTV တပ်ထားတာကိုမတွေ့ရပေမဲ့ နောက်ပိုင်းကျတော့ လုံခြုံရေးအရဆိုတဲ့ အ ကြောင်းပြချက် များနဲ့ ကင်မရာများကိုစတင်တပ်ရန် လုပ်ဆောင်မှုကြောင့် ကျမတို့အကျဉ်းသူများက စုပေါင်းပြီး ဒါဟာ ကျမတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် ချိုး ဖောက်မှုဖြစ် ကြောင်း တင်ပြတောင်းဆိုခဲ့သော်လည်း ကျမတို့ ဘာမှမတတ်နိုင်ခဲ့ပါ။ ကျမတို့အိပ်တဲ့ အိပ်ဆောင် မှာပဲ ကင်မရာတွေကိုတပ်ဆင်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ကျမတို့ဟာ ကျန်တဲ့အချိန်မ ပြောနဲ့၊ အိပ်တဲ့အချိန်မှာတောင်မလုံခြုံခဲ့ ဘူး။ အထူးသဖြင့်လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံရတယ်ဆိုတဲ့စိတ် ပိုင်းဆိုင်ရာမလုံခြုံမှုကိုခံစားရပြီး အမျိုးသမီးတစ်ဦးတစ်ယောက်ချင်းစီရဲ့ဂုဏ်သိက္ခာကို လည်းကျ ဆင်းစေပါတယ်”ဟု နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးကပြောကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြ သည်။

ထို့အပြင် အကျဉ်းသူများသည် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်းများအဖြစ် ထောင်တွင်းဆန္ဒ ထုတ်ဖော်သည့်အချိန်များတွင် အကျဉ်းဦးစီး အမျိုးသားဝန်ထမ်း များက သံတုတ် ၊ ဝါးရင်းတုတ် ၊ ရော်ဘာတုတ် ၊ လျှပ်စစ်ကျဉ်စက်နှင့် လောက်လေးခွများကဲ့သို့သော လက်နက်များ အသုံးပြု၍ အကျဉ်းသူများအား အစုလိုက်အပြုံလိုက် ရိုက်နှက်ခြင်းများရှိကြောင်း သိရသည်။

ယင်းရိုက်နှက်မှုများကြောင့် အကျဉ်းသူများအနေဖြင့် ဒဏ်ရာရခြင်းနှင့် ထောင်တွင်း အစာအာဟာရ မလုံလောက်မှုများကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်လာပါကလည်း ဆေးဝါးကုသမှု ကောင်းမွန် စွာ မရရှိကြောင်း သိရသည်။

ထောင်များအတွင်း အကျဉ်းသူများသည် ရေလုံလောက်စွာမရခြင်းအပြင် အမျိုးသမီး လစဉ်သုံး ပစ္စည်းများပင် မရရှိသဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး မလုံလောက်မှုကြောင့် အမျိုးသမီးကျန်းမာရေး ကိစ္စများဖြစ်သည့် လိင်အင်္ဂါနှင့်ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ၊ သားအိမ်ခေါင်းရောင် ရမ်း ခြင်းကဲ့သို့ ရောဂါများ ပိုမိုဖြစ်ပွားနေပြီး စစ်ကြောရေးကာလနှင့် ထောင်တွင်း ကြုံတွေ့ရသည့် အထက်ပါအခြေအနေများကြောင့် စိတ်ဖိစီးမှုများကာ ရာသီသွေးထိန် မှုများလည်း ဖြစ်ပေါ်လေ့ ရှိကြောင်း အစီရင်ခံစာတွင် ပါရှိသည်။