ဘုန်းကြီးတွေကိုသတ်နေတာ ဘုန်းကြီးတွေနဲ့ မဆိုင်ဘူးလား

အီရန်စစ်ပွဲကြောင့် စက်သုံးဆီအကျပ်တွေကာ ပြည်သူတွေခမျာ စက်သုံးဆီ နပ်မမှန်တော့ပေမဲ့ ပြည်သူသတ်ဖို့ရာ လေယာဉ်ဆီ အလျှံပယ်ရှိနေသေးကြောင်း စစ်ကော်မရှင်က လက်တွေ သက်သေပြနေပါတယ်။

စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် မတ်လ၇ရက်မှာ စုံမစနစ်နဲ့ တစ်ရက်ခြား ယာဉ်ထွက်ဖို့နဲ့ တစ် ရက်ခြားသာ စက်သုံးဆီ ရောင်းပေးနေပေမဲ့ စစ်ကော်မရှင်ရဲ့ လူသတ်လေယာဉ်တွေအတွက်ကတော့ စုံ၊မရက် ဆိုတာမရှိ၊ တစ်ရက်ခြား ဝေဟင်တက် ဗုံးကြဲရမယ်ဆိုတာမျိုးမရှိ။

မတ်လ၁၉ရက်ကစလို့ လေယာဉ်ဆီချွေတာရေးအတွက် ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ကို ဖျက် သိမ်းခဲ့ရုံတင်မက လေယာဉ်ဆီ လျှော့သုံးနိုင်ဖို့ ခရီးသည်တွေ သယ်ယူခွင့်ဝန်အလေးချိန်ကိုပါ ကန့်သတ်လိုက် တဲ့အထိ ပြာယာခတ်နေပေမဲ့ လူသတ်လေယာဉ်တွေကတော့ နေ့စည်မပြတ် ကောင်းကင်ယံမှာ လွန်းထိုးနေ ဆဲပဲဆိုတာကို အားလုံးက မြင်နေရတယ်။

ဖေဖေါ်ဝါရီ၂၈ရက်မှာ စတင်လိုက်တဲ့ အီရန်အာဏာရှင် ချေမှုန်းရေးစစ်ပွဲကစလို့ မတ်လနောက်ဆုံး ပတ်အထိ စစ်ကော်မရှင်ရဲ့ လူသတ်လေယာဉ်တွေ ဗုံးကြဲသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စိတ်ချရတဲ့ မှတ်တမ်းပြု စုထားမှုတစ်စုံတစ်ရာ ထွက်မလာသေးပေမဲ့ မီဒီယာပလက်ဖောင်းပေါ်တက်လာတဲ့ ဗုံးကြဲချမှုသတင်းတွေက လျော့ကျသွားခြင်းမရှိကြောင်း ဖော်ပြနေတယ်။

အခုလအတွင်း မီဒီယာပလက်ဖောင်းပေါ်တက်လာတဲ့ ထင်ရှားတဲ့အမှတ်အသားတွေက မတ်လ ၅ ရက်၊ညောင်လေးပင်မြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းဗုံးကြဲသတ်ဖြတ်မှု၊ မတ်လ ၈ရက်၊ အမ်းမြို့နယ်ထဲက စစ်သုံ့ပန်းစခန်းကို တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲသတ်ဖြတ်မှု၊ မတ်လ၉ရက်၊ ပုလောမြို့နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းထဲ ကျမ်းစာသင်နေတဲ့ကလေးတွေကို ဗုံးကြဲချမှု၊ အခုနောက် ဆုံးပေါ် လတ်လတ်ဆတ်ဆတ် လူသတ်ပွဲက မတ်၂၀နဲ့ ၂၁ရက် ကသာနဲ့ ကနီ ဗုံးကြဲသတ်ဖြတ်မှု။

မတ်လ၂၀ရက်၊မနက်၁၁နာရီဆိုတာ တရားမဝင် တိုင်းနဲ့ပြည်နယ်လွှတ်တော်အစည်းအဝေးတွေ ပြု လုပ်နေတဲ့အချိန်။စစ်တပ်က ဗုံးကြဲချခဲ့တဲ့ ကသာမြို့၊ရပ်ကွက်၃ထဲက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ မဟာ လေးထပ်ဘုန်းကြီးကျောင်းဆိုတာကလည်း လူနေအိမ်တွေရဲ့ကြား မထင်မရှား မှုန်ဝါးဝါးဖြစ်နေတဲ့ ဘုန်းကြီး ကျောင်းလည်းမဟုတ်။ ဘုန်းကြီးကျောင်းပရဝဏ်က ကျယ်ဝန်းရုံတင်မက သာသနိကအဆောက်အအုံတွေက ဝေဟင်ကဆီးကြည့်ရင်လည်း အထင်အရှား။ဒီကျောင်းတိုက်မှာ မာန်လည်ဆရာတော်ဘုရား သတင်းသုံးခဲ့ဖူး ရုံတင်မက ဆရာတော်ကြီး တည်ထားခဲ့တဲ့ တာဝတိံသာမဟာစေတီတော်လည်း အထင်ကရ သမိုင်းဝင်။

ကသာမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားတာကြောင့် မဟာလေးထပ်ဘုန်းကြီးကျောင်းမှာ စစ်ဘေး ရှောင်တွေကို ရောက်ရှိခိုလှုံနေကြောင်း အခိုင်အမာသိကြတယ်။ပြောရရင် ဗုံးကြဲချတဲ့နေရာကို စစ်တပ်က ဘုန်းကြီးကျောင်းမှန်းလည်း သိပြီး ဒီဘုန်းကြီးကျောင်းထဲမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေမှန်း သေချာသိရှိပြီးမှ ဘုန်းကြီးတွေ ဆွမ်းဘုန်းနေချိန်မှာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချလိုက်မှန်း သိသာထင်ရှားတယ်။

ဘုန်းကြီးကျောင်းထဲက ကျောင်းဆောင်တွေတည့်တည့် ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်။ဆွမ်းစားနေ တဲ့ သံဃာတွေနဲ့ ဒကာ၊ဒကာမတွေ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ် အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတယ်။ သတင်းတွေအရ သံဃာနဲ့လူ စုစုပေါင်း ၅၀ကျော် သေဆုံးခဲ့တယ်လို့ ဆိုတယ်။

နောက်တစ်ရက် မတ်လ၂၁ရက်ရောက်တော့လည်း ကနီမြို့နယ်၊ဆူးလေကုန်းရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြန်တယ်။တိုက်လေယာဉ်၈စင်းနဲ့ နာရီဝက်ကျော်ကြာ သဲကြီးမဲကြီးဗုံးကြဲတိုက်ခိုက်ခြင်းလို့ ဆိုတယ်။ ကျောင်းပိတ်ထားတာကြောင့် ကလေးတွေ ထိခိုက်မှုမရှိပေမဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ဘုန်းကြီးကျောင်းအဆောင်တွေ မီးဟုန်းဟုန်းတောက်။ သွေးအလိမ်းလိမ်းနဲ့ လဲကျ နေတဲ့ သံဃာတစ်ပါးက ပျံလွန်သွားတဲ့ပုံ။

ဘုန်းကြီးကျောင်းကို ဘုန်းကြီးကျောင်းမှန်းသိလျက်၊ ဘုန်းကြီးတွေကို ဘုန်းကြီးတွေမှန်းသိလျက်။ပြီး တော့ ဒီဘုန်းကြီးကျောင်းတွေ၊ဘုန်းကြီးတွေက ခိုကိုးရာမဲ့အတိဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ကို ကူညီစောင့်ရှောက်ထားမှန်းသိလျက် စစ်တပ်က ဗုံးကြဲသတ်ဖြတ်နေတာ လုပ်မြဲအစဉ်အလာမို့ မထူးဆန်း တော့ဘူးလို့ ဆိုနိုင်တယ်။ ဘုန်းကြီးတွေ ဘယ်လောက်ပဲ အသတ်ခံရပါစေ၊ သံဃာ့အဖွဲ့အစည်းတွေနဲ့ ဆရာ တော်ကြီးတွေက သူတို့နဲ့ဘာဆိုဘာမှမဆိုင်သလို မသိချင်ယောင်ဆောင်နေတာလည်း သိပ်မထူးဆန်းတော့ သလိုပါပဲ။

အခုလို ၂ရက်ဆက်တိုက် ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲသတ်ဖြတ်တာ မြင်ရတော့ ဖေဖေါ်ဝါရီ၁၉ ရက်က ပျော်ဘွယ်မြို့နယ်၊အင်ကြင်းကုန်းဘုန်းကြီးကျောင်းသိမ်ထဲ မဖွယ်မရာပြုလုပ်တဲ့စုံတွဲဖြစ်စဉ်ကို အမှတ် ရမိတယ်။

အဲဒီတုန်းက ဘုန်းကြီးတစ်ပါး ရိုက်ကူးထားတဲ့ ရုပ်သံ အွန်လိုင်းပေါ်ပျံ့သွားပြီးနောက် ဘာသာ၊သာသ နာကို ကာကွယ်ရမယ်ဆိုတဲ့သူတွေက လက်သီးလက်မောင်းတန်း ဟုန်းဟုန်းတောက်။အဲဒီစုံတွဲကို ဖမ်းဆီးပြီး ထိရောက်စွာအရေးယူဖို့ အော်ဟစ်တောင်းဆိုလိုက်ကြတာ သောသောညံလို့။

အဲဒီလို လက်သီးလက်မောင်းတန်းခဲ့သူတွေက သိမ်ထဲဝင် မဖွယ်မရာလုပ်တာထက် ကြောက်မက် ဖွယ်ကောင်းတဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲပြီး သံဃာနဲ့ပြည်သူကို အာဏာအတွက် ယဇ်ပူဇော်သလို အစုလိုက် အပြုံလိုက်လူသတ်ပွဲကြီးကျ ဘာသာ၊သာသနာကို မထိခိုက်သလို၊ကိုယ်နဲ့ ဘာဆိုဘာမှ မသက်ဆိုင်သလိုမျိုး အသံတစ်ချက် မထွက်ရဲ။

နောက်ထပ် အမှတ်ထပ်ရမိတာက ၂၀၂၄ခုနှစ်၊ဇွန်၁၉ရက်က မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်ထဲမှာ ပဲခူးမြို့၊ဝိနိမ္မိတာရုံဆရာတော် စစ်တပ် ပစ်သတ်လို့ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့တဲ့အကြောင်း။စစ်တပ်မီဒီယာ တွေက PDFတွေ သတ်တာပါလို့ လိမ်ညာသတင်းဖြန့်ခဲ့ရုံတင်မက ဝိနိမ္မိတာရုံဆရာတော်နဲ့အတူရှိနေတဲ့ ကန် သုံးဆင့်ဆရာတော်ကိုပါ စစ်တပ်က သူတို့လိုချင်တဲ့အဖြေရဖို့ ဖိအားပေးစစ်မေး။ ဒဏ်ရာရ ကန်သုံးဆင့် ဆရာ တော်ဆိုတာ ထေကြီးဝါကြီး ရွှေကျင်ဂိုဏ်းဦးဆောင်ဆရာတော်ကြီးမှန်း သိတာတောင် အမှန်အတိုင်း ထွက်ဆို လို့ဆိုပြီး ဆေးမကုပေးတဲ့အထိ ညှဉ်းပန်း။ဆရာတော်ရဲ့ ရဲရင့်တဲ့သီလကြောင့်သာ စစ်တပ်ပစ်သတ်လို့ ပျံလွန် မှန်း သံ ဃာထုကြီး အမှန်အတိုင်း သိခွင့်ရခဲ့တယ်။လူသတ်တရားခံဘယ်သူလဲဆိုတာ ဘွင်းဘွင်းကြီး ပေါ်သွား ပြီးမှသာ စစ်ကောင်စီက စစ်သားတွေ ပစ်ခတ်ခဲ့ကြောင်း ဝန်ခံကာ စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး ဖြစ်စဉ်အမှန်ကို ဖော် ထုတ်မယ်လို့ လေပြေထိုးခဲ့တယ်။

ဒါပေမဲ့၊ဒီနေ့ထိတိုင် စုံစမ်းမှုရလဒ် ထွက်ပေါ်လာခြင်းမရှိသလို ဘုန်းကြီးသတ်တဲ့ တရားခံတွေကို အ ရေးယူခြင်းမရှိဘဲ ပြည့်ဖုံးကားချလိုက်တာဟာ သံဃာထုတစ်ရပ်လုံးကို အတိအလင်း စော်ကားလိုက်ခြင်း ဖြစ်ပေမဲ့ ဝိနိမ္မိတာရုံဆရာတော်ရဲ့ များစွာသော တပည့်သံဃာတွေက ခန္တီစပါရမီ မြဲမြံစွာ။ဆရာတော်ရဲ့ အရိုး ပြာကို ရေမျှောပူဇော်ပြီးတဲ့နောက် သူတို့တာဝန်ကျေသွားသလိုမျိုး။အခုဆို လုံးလုံးကို မေ့လို့။တစ်ချိန်က ကမ္ဘာကျော်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးစိတ်ဓာတ် သံဃာထုကြားမှာ ပျောက်ဆုံးနေပြီလားလို့ မေးခွန်း ထုတ်ချင်စရာ။

စစ်တပ် ဘာလုပ်လုပ် ကြောက်ဒူးတုန်နေကြတဲ့ သံဃာထုကြောင့်ပဲ ဝိနိမ္မိတာရုံဆရာတော် အသတ်ခံ ရပြီးနောက်လည်း သံဃာများစွာ၊ဘုန်းကြီးကျောင်းများစွာနဲ့ သာသနိကအဆောက်အအုံများစွာ ဆက်လက် သတ်ဖြတ် ချေမှုန်းခံနေရတာ အခုကသာနဲ့ ကနီမှာ အပြစ်မဲ့သံဃာတွေ သတ်ဖြတ်ခံရတဲ့အထိပဲ။

ပြည်သူတွေ အသတ်ခံနေရတာကို ငါတို့နဲ့ဘာမှမဆိုင်ဘူးလို့ ဘုန်းကြီးတွေ နေနိုင်ရက်တာကထားဦး။ ဒီသာသနာ အဓွန့်ရှည်ရေးအတွက် အခုလို ခက်ခက်ခဲခဲကာလမှာ ရွက်ဖွင့် ထမ်းပိုးနေတဲ့ ဘုန်းကြီးတွေ အ သတ်ခံနေရတာနဲ့ ပတ်သက်ပြီး ဘုန်းကြီးတွေကိုယ်တိုင်က သူတို့နဲ့ဘာမှမဆိုင်သလို မျက်လုံးစုံမှိတ် ထားခြင်း က ဘုန်းကြီးတွေကို စစ်တပ်က ဆက်သတ်ဖို့ တွန်းအားဖြစ်စေပါတယ်။

လူသတ်နေတာကို မမြင်ချင်ယောင်ဆောင်ပြီး လူသတ်သမားတွေရဲ့ ဆွမ်းကို ဘုန်းပေးနေတာဟာ ကမ္ဘာမှာ မြန်မာဘုန်းကြီးတွေ အရှက်ရစရာဖြစ်နေတာ ဘယ်ဆန်းလိမ့်မလဲ။