စစ်တပ်နှင့်ပူးပေါင်းသွားသည့် ဇိုမီးတပ် – ZRA က ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လက်နက်များ သိမ်းဆည်း သွားကြောင်း သိရသည်။
မတ်လ ၂၂ရက်၊ နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဂယ်လ်ဇန်းရွာ၌ အထိုင်ချထားသည့် Chinland Council ( CC ) အဖွဲ့ဝင် People Defense Army (PDA)တပ်စခန်းကို စစ်တပ်လက် အောက်ခံ ဇိုမီးတပ် – ZRA က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား ခဲ့ပြီးနောက် အင်အားမမျှသဖြင့် PDA ရဲဘော်များ ဆုတ်ခွာခဲ့ရကြောင်း တွန်းဇံမြို့သတင်းရင်းမြစ်က MPA ကို ပြောသည်။
” ZRA တပ်က စခန်းကိုသိမ်းပိုက်သွားတယ်ဗျ။ အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတယ်အထိပဲ သိရပါ သေးတယ်။ အခြေအနေအသေးစိတ်နဲ့ လူထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။လက်နက်တွေကို လည်း သိမ်းဆည်းသွားတယ်။ စခန်းကို အထိုင်ချသွားတာတော့ မဟုတ်ဘူး။ ယူလို့ရတာ ယူပြီး ပြန်ဆုတ်သွားတာ ” ဟု ၎င်းကပြောသည်။
PDA စခန်းမှ သေနတ် ၁၅လက်၊ ဒရုန်းတစ်စင်း၊ ဆက်သွယ်ရေးစက်၇လုံး၊ ကျည်ဆန်များ နှင့် အခြားစစ်သုံးပစ္စည်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။
” အပြန်မှာ ဂယ်လ်ဇန်းရွာထဲက အမျိုးသမီး ၂ ယောက် နှင့် အမျိုးသားတစ်ယောက် စုစုပေါင်း ၃ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်။ ဘာကြောင့် ဖမ်းဆီးသွားလဲ မသိရသေးပါဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
CDF-Tonzang စစ်ဦးစီးချုပ် Thang Suan Mung က သိမ်းဆည်းသွားသည့်လက်နက်များကို အမြန် ဆုံးပြန်ပေးရန် သတိပေးထားသည်။
ZRA တပ်သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF Zoland က မတ်လ ၁၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။
