အာဏာလုယူမှု ၅ နှစ်အတွင်း အမျိုးသမီး ၂,၁၀၀ ကျော် ကျဆုံးခဲ့ဟု AAPP ဆို

ဓာတ်ပုံ - Getty Images

အာဏာလုယူမှု ၅ နှစ်တာအတွင်း စစ်တပ်၏ အကြမ်းဖက်မှုကြောင့် အမျိုးသမီး ၂,၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်တပ် အာဏာလုယူမှု ၅ နှစ်တာ ကာလတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအ သင်း(AAPP)၏ မှတ်တမ်းအရ စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ကျဆုံးရသည့် အမျိုးသမီးဦးရေ အဆပေါင်းများစွာ တိုးလာခဲ့ကာ ဖမ်းဆီးခြင်းခံရပြီးနောက် ရဲစခန်း ၊ စစ်ကြောရေးစခန်းနှင့် ထောင်များအတွင်း ကျဆုံးခဲ့ရသော အမျိုးသမီး စုစုပေါင်း အယောက် ၄၀ ခန့်ရှိကြောင်း ယနေ့(မတ်လ ၂၃ ရက်)တွင် AAPP ဖွဲ့စည်းတည်ထောင်ခြင်း ၂၆ နှစ်ပြည့်အနေဖြင့် ထုတ်ပြန်သည့် “နရသိန်တွင်းက အဖိနှိပ်ခံ အမျိုးသမီးများ”စာတမ်း၌ ဖော်ပြထားသည်။

“လူမသိ သူမသိ မှတ်တမ်းမဲ့ ကျဆုံးသူတွေလည်း များစွာရှိဦးမှာ အသေအချာပါ”ဟု AAPP အတွင်း ရေးမှူး ဦးတိတ်နိုင်က ပြောသည်။

ယင်းအစီရင်ခံစာတွင် ဖမ်းဆီးခံရပြီးနောက် ရဲစခန်း ၊ စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များ အတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူများဖြစ်ကြသော မနွယ်နီဝင်း ၊ မယဥ်မိုး ၊ မစုမေအောင် ၊ ဒေါ်စန်းရီ ၊ မချယ်ရီဝင်း ၊ မဝတ်ရည်အောင်နှင့် ဒေါ်မြင်မြင့်သန်းတို့၏ ဖြစ်စဥ်များကို ဖော်ပြထား ကာ ၎င်းတို့ ၇ ဦးသည် ရိုက်နှက်နှိပ်စက်ခံရခြင်း ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် စီမံကာ ကွယ်မှုမရှိခြင်း နှင့် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်းတို့ကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပေးဆပ်ရမှုတွေ ကြီးလှပေမယ့် အမျိုးသမီးများဟာ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုတဲ့ ယုံကြည်ချက်အတွက် ဒီကနေ့အချိန်အထိ မလျှော့တဲ့ ဇွဲလုံလနဲ့ ရှေ့တန်းကနေ အားကောင်းမောင်းသန် တိုက်ပွဲဝင်နေဆဲပါ”ဟုလည်း ဦးတိတ်နိုင်ကဆိုသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်အထိ စစ်တပ်က နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀,၆၆၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၆,၃၃၇ ဦးမှာ အမျိုးသမီးများဖြစ်ကာ နိုင်ငံရေးအကျဉ်းသား အားလုံး၏ ၂၁ ရာခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံစာက ဆို သည်။

အမျိုးသမီးများ ဖမ်း‌ဆီးခံရမှု အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး ဒုတိယ မန္တလေးတိုင်းနှင့် တတိယ စစ်ကိုင်းတိုင်းတို့ ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ တစ်ရက်မှ ယနေ့(မတ်လ ၂၃ ရက်)အထိ အမျိုးသမီး ၂,၁၄၁ ဦးသေဆုံးခဲ့ကြောင်း AAPP က ယနေ့မွန်းလွဲပိုင်း၌ထုတ်ပြန်ထားသည်။