ကပစ ၂၂ လမ်းပေါ်သို့ ကင်းထွက်လာသည့် စစ်သားများ မိုင်းထိ သေဆုံးပြီးနောက် ဆိပ်ဖြူ-ပေါက်လမ်းပိုင်းတွင် ခြေရှုပ်နေကြဟုဆို

ဓာတ်ပုံ - ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ပုံစာ - တိုက်ပွဲဝင် ဆိပ်ဖြူမြောက်ပိုင်းပကဖ ရဲဘော်များ

ကပစ ၂၂ လမ်းပေါ်သို့ ကင်းထွက်လာသည့် စစ်သားများ မိုင်းထိ သေဆုံးပြီးနောက် ဆိပ်ဖြူ-ပေါက်လမ်းပိုင်းတွင် ခြေရှုပ်နေကြကြောင်း သိရသည်။

မတ်လ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်တွင် မကွေးတိုင်း၊ ဆိပ်ဖြူ ကပစ ၂၂ လမ်းပေါ်သို့ ကင်းထွက်လာ သည့် အင်အား ၃၀ ပါစစ်ကြောင်းမှ ရှေ့ပြေးစစ်သား ၇ ဦးခန့်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ယင်း ကပစ ၂၂ လမ်းပိုင်း တစ်လျှောက် အင်အားအများအပြားဖြင့် ခြေရှုပ်နေကြကြောင်း ဆိပ်ဖြူမြို့နယ် သတင်းနှင့်ပြန်ကြားရေးထံက သိရသည်။

” ကပစ ၂၂ ကိုကျ ဆိပ်ဖြူ-ပေါက်လမ်း ကပစ ၂၂ လမ်း‌ပေါ့။ အဲဒီလမ်းပိုင်းကနေ သွားကြတာဗျ။ ကျနော်တို့ မိုင်းဆွဲပြီးတော့ သူတို့ မနေ့ကရယ် ဒီနေ့ရယ် အင်အားအများအပြားနဲ့ အဲဒီလမ်းပိုင်းမှာ ခြေရှုပ်နေတယ်ဗျ။ ထမ္မကောက်နဲ့ ကပစ ၂၂ ကထွက်လာတဲ့ ကောင်တွေဗျ။ လောလောဆယ် အဲဒီလမ်းပိုင်းမှာ အင်အား ၁၅၀ လောက်ရှိမယ်ဗျ။ မနေ့က မနက်ပိုင်းကတည်းကရောက်နေတာဗျ။ အဓိကတော့ မိုင်းဆွဲခံထားရတာဆိုတော့ ကပစ ၂၂ ၊ ၂၁ ကို သူတို့ စခ ကားတွေ၀င်လာမယ့် ထွက် မယ့်ရက်တွေမှာ ကင်းကို အင်အားများများနဲ့ ယူပေးတာဗျ။ ကပစ ၂၁ ကိုသွားမယ့် ကားတွေကျ ဆိပ်ဖြူ-ဆောလမ်းပိုင်း ၊ ပုသိမ်-မုံရွာလမ်းပေါ့”ဟု ဆိပ်ဖြူမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန် ခံက MPA သို့ပြောသည်။

ထမ္မကောက်ကျေးရွာမှ ထွက်လာသည့် ယင်းစစ်ကြောင်း၏ ရှေ့ပြေးစစ်သားများကို ချ တောက် ကျေးရွာ ၊ ချစ်ချောင်းသို့ ရောက်ချိန်၌ ပဒေသာမိုင်း ၁၁ လုံးဖြင့် စောင့်ကြို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်း စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦး ပြင်း ထန်ဒဏ်ရာ ရရှိခဲ့သည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က မတ်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“ရှေ့ပြေး ၇ ကောင်နဲ့ နောက်ကကောင်တွေနဲ့ မီတာ ၁၀၀၀လောက် ဝေးမယ်ဗျ။ ကျနော်တို့ဘက်က မိုင်းဆွဲတိုက်ခိုက်တယ်။ လက်နက်ငယ်‌တွေနဲ့ဝိုင်းပစ်တယ်။ ၄၀ မမနဲ့ လည်းပစ်ခဲ့တယ်ဗျ။ ရှေ့ပြေး ကင်းလာတဲ့ကောင်တွေ တစ်ချက်မှ ပြန်မပစ်နိုင်တော့တဲ့ အချိန်မှာ ချောင်းတစ်ဖက်ဘက်မှာ ကျန်ခဲ့ တဲ့ကောင်တွေကလှမ်းပစ်တာဗျ။ကျွန်တော်တို့သူတို့လက်နက်တွေ သွားကောက်တော့မယ့်အချိန် မှာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ဆိပ်ဖြူဘက်မှ လူနာတင်ကားများဖြင့် သေဆုံး ၊ ဒဏ်ရာရသူများကို သယ်ဆောင်သွားကြောင်း သိရသည်။

“ထမ္မကောက်မှာ တပ်စွဲထားတာကြာပြီဗျ။ တော်လှန်ရေးအစပိုင်း ကတည်းကပါ။ တပ်စွဲအင်အား ၇၀လောက်ရှိမယ်ဗျ။ မိုင်းဆွဲခဲ့တဲ့နားက ချတောက် က ပြည်သူတွေကတော့ တိမ်းရှောင်ရတာမျိုး မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ NSP ပကဖနှင့် ပခုက္ကူခရိုင် ၊ အမှတ် ၄ တပ်ရင်း၊တပ်ခွဲ ၃ တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

ထမ္မကောက်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် ချတောက်ကျေးရွာနှင့် ၆ မိုင်ခန့်ဝေးပြီး ကပစ ၂၂ နှင့်မူ ၉ မိုင်ခန့်ဝေးသည်။

ချတောက်ကျေးရွာသည် ဆိပ်ဖြူ-ပေါက်-ပခုက္ကူလမ်းပိုင်းပေါ်တွင် ရှိပြီး ထမ္မကောက်ကျေးရွာမှာ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတွင် ရှိသည်။

စစ်သားများ ထိခိုက် သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။