မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ စော်ကဲ(မုခနီး)ရွာ အုပ်ချုပ်ရေးမှူးမှာ တစ်နေ့ ၄ကြိမ် စက်သုံးဆီ ဖြည့်ကာ ပြန်ရောင်းစားနေကြောင်း သိရသည်။
စော်ကဲအုပ်ချုပ်ရေးမှူး စောသန်းနိုင်သည် အုပ်ချုပ်ရေးမှူးအာဏာကို အသုံးချကာ ချောင်း ဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်၊မီးစက်ရှေ့ရှိ Puma စက်သုံးဆီအရောင်းဆိုင်တွင် တန်းစီစရာမလိုဘဲ တစ် နေ့လျှင်၄ကြိမ် ၎င်း၏ ဆိုင်ကယ် ဆီဖြည့်ကာ ပိုင်းကဒါးရွာ၌ ပြန်ရောင်းစားနေကြောင်း ဒေသခံအချို့ ထံက သိရသည်။
“တခြားအုပ်ကြီးတွေက ဝန်ထမ်းလိုင်းမှာ တန်းစီကြပါတယ်။ဒီကောင်ကတော့ ပေါ်တင်ပဲ။ ဘာမှတန်းမစီဘဲ ရောက်လာတာနဲ့ ရှေ့ကနေ ဖြတ်ဝင်ပြီး ဆီထည့်တယ်။ တစ်နေ့ကို ၄ကြိမ် မြင် ရတယ်”ဟု ချောင်းဆုံမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။
ချောင်းဆုံမြို့ Puma ဆီဆိုင်တွင် ဓာတ်ဆီတစ်လီတာ ကျပ်၄၀၀၀ ခန့်ရှိပြီး ပိုင်ကဒါးရွာ၌ တစ်လီ တာလျှင် ကျပ်တစ်သောင်းခွဲဖြင့် ပြန်ရောင်းစားနေကြောင်း သိရသည်။
“သူက နေ့စဉ် အဲဒါပဲ လုပ်နေတာ။ တန်းစီစရာမလိုဘူး၊ ပိုင်တယ်ဆိုပြီး ဆီသွားထုတ်တယ်။ပြီးရင် ကျနော်တို့ ပိုင်ကဒါးမှာ လာပြန်ရောင်းတယ်။လိုနေတော့လည်း ဝယ်ကြတာပဲ”ဟု ပိုင်ကဒါးရွာသား တစ်ဦးက ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ယူနီဖောင်းဝတ်ဖြင့်လာသော စစ်တပ်၊ရဲနှင့် ပြည်သူ့စစ်တို့မှာလည်း တန်း စီစရာမလိုဘဲ ဆီဖြည့်နေကြကြောင်း သိရသည်။
“ဒီကောင်တွေက ဆရာတွေပေါ့။ပြောက်ကျားဝတ်စုံနဲ့ တန်းစီစရာမလိုဘူး။ပြီးတော့ သူတို့ဆိုင်ကယ် ကို ဆီအပြည့်ဖြည့်ပေးရတယ်။ တန်းစီနေတဲ့ ပြည်သူတွေက မကျေနပ်ပေမဲ့ မတတ်နိုင်ဘူးလေ။ တစ်နေ့ တစ်ခါ လာစီကြတာတွေ့ရတယ်။စော်ကဲအုပ်ကြီးလိုတော့ တစ်နေ့ ၄ကြိမ်ဖြည့်တာမျိုးတော့ မတွေ့မိဘူး”ဟု ချောင်းဆုံမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးနှင့်နီးစပ် သူက ပြောသည်။
ချောင်းဆုံတွင် စက်သုံးဆီ အရောင်းဆိုင်ကြီး ၄ဆိုင်ရှိသည့်အနက် ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်ရှိ Puma ဆီဆိုင်တစ်ဆိုင်တည်းသာ ပုံမှန်ရောင်းချပေးလျက်ရှိသည်။
ဆီတန်းစီရာတွင် သာမန်ပြည်သူတစ်တန်းနှင့် ဝန်ထမ်းတစ်တန်း ဟူ၍ ၂လိုင်း တန်းစီရသည်။
