ကိုယ့်ဘဝကိုယ်နှမြောလျှင် သင်္ကြန် ခရီးသွားမည့်အစီအစဉ်ကို ၁၀ ခါပြန် စဉ်းစားသင့်ဟုဆို

ဓာတ်ပုံ-Greeting from Myanmar
ပုံစာ- အောင်မင်္ဂလာအဝေးပြေးဝင်း

ကိုယ့်ဘဝကိုယ် နှမြောသော လူငယ်များအနေနှင့် သင်္ကြန်ကာလ ခရီးသွားမည့်အစီအစဉ်ကို ၁၀ခါ ပြန် စဉ်းစားသင့်ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ပြောသည်။

အထူးသဖြင့် ဇာတိမြို့ရွာနှင့်အဝေးတွင် ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြသောသူများသည် လာမည့် ဧပြီလ သင်္ကြန်ပိတ်ရက်၌ ဇာတိသို့ ပြန်လေ့ရှိကြပြီး လတ်တလောအခြေအနေအရ လူငယ်အမျိုး သား တို့တင်မက အမျိုးသမီးများပါ ခရီးသွားနေစဉ် ပေါ်တာဆွဲခံရနိုင်ကြောင်း သိရသည်။

“အဓိကကတော့ ခရီးသွားကြမယ့် ယောကျာ်းလေးတွေပေါ့။မိန်းကလေးတွေလည်း မိန်းမတွေကို မ ဆွဲဘူးဆိုပြီး လျှော့မတွက်ထားကြဖို့လိုမယ်။မိန်းကလေးတွေကိုဖမ်းပြီး ယောကျာ်းလေးနဲ့ ပြန်ရွေး ခိုင်းတာတို့၊ငွေပေးမှ ပြန်လွှတ်မယ်ဆိုတာမျိုးလည်း ရှိနေတယ်။ခရီးသွားဖို့ကို ၁၀ခါ ပြန်စဉ်းစားစေ ချင်တယ်”ဟု ၎င်းက MPAသို့ ပြောသည်။

စစ်မှုထမ်းသင်တန်းများအတွက် သင်တန်းသားရရှိရေးမှာ အချိန်ကြာလာသည်နှင့်အမျှ ခက်ခဲလာ ခြင်းကြောင့် ရသလို ပေါ်တာဆွဲခြင်းနည်းဖြင့် အဓိကဖြေရှင်းနေကြောင်း သိရသည်။

“ပေါ်တာဆွဲလို့ရရင် ပိုက်ဆံရလို့ အပြင်ကနေ စစ်တပ်နဲ့ချိတ်ပြီး ပေါ်တာဆွဲစားနေတဲ့ကောင်တွေ တောင်ရှိနေတာလေ။လမ်းခရီးမှာ ပေါ်တာဆွဲဖို့က အများကြီးဖြစ်နိုင်တယ်။ဘာမှမဖြစ်လောက်ပါ ဘူးလို့ အလွယ်မတွေးစေချင်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ရန်ကုန်မှ အထက်ပိုင်းသို့ သွားသည့်လမ်းကြောင်းများမှာ ပေါ်တာအန္တရာယ် လုံးဝစိတ်မ ချရသည့်အခြေအနေရှိပြီး မြစ်ဝကျွန်းပေါ်ဘက် လမ်းကြောင်းတို့သည်လည်း အန္တရာယ်ရှိကာ မည် သည့်ခရီးစဉ်မျှ ဘေးမကင်းကြောင်း သိရသည်။

“အခု ကျနော်အသက်၄၀ကျော်ပြီ။ဒါပေမဲ့၊ ဇာတိမပြန်ရဲတာ ၂နှစ်ရှိပြီ။ဘာမှမဖြစ်ရင်တော့ ဘာမှမ ဖြစ်ဘူး။ဖြစ်ရင်လည်း ကျနော်၄၀ကျော်ပါပြီဆိုပြီး မှတ်ပုံတင်ပြလို့ရတာမဟုတ်ဘူး”ဟု ရန်ကုန်တွင် အလုပ်လုပ်နေသော မော်လမြိုင်မြို့အနီးနေ အမျိုးသားတစ်ဦးက ပြောသည်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၃ကို မတ်လ၂၃ရက်တွင် နိုင်ငံတစ်ဝန်းရှိ စစ်သင်တန်းကျောင်းများ၌ ဖွင့်လှစ်ခဲ့သည်။