စစ်ပွဲရပ်တန့်ရန် အီရန်က ကိုယ်ပိုင်သတ်မှတ်ချက်များ ထုတ်ပြန်

ပုံဟောင်း- Sha Dati/Xinhua/IMAGO)
အီရန်နိုင်ငံခြာားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ

DW

စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန် ၏ စည်းကမ်းချက်သတ်မှတ်မှုကို အီရန်က လက်ခံလိမ့်မည်မဟုတ်ကြောင်း မတ်လ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

အီရန်က တင်ပြခဲ့သော အချက် ၅ ချက်ပါ အစီအစဉ်တွင် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် အီရန်အရာရှိများကို လုပ်ကြံသတ်ဖြတ်မှုများ ရပ်တန့်ရန်၊ နောက်ထပ် မည်သည့်စစ်ပွဲမှ မိမိတို့အပေါ် ထပ်မံမစတင်ရန် အာမခံချက်ပေးရန်၊ လက်ရှိပဋိပက္ခအတွက် နစ်နာကြေးပေးရန်နှင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို အီရန်က ထိန်းချုပ်ခွင့်ရရှိရန်တို့ ပါဝင်ကြောင်း အီရန်အစိုးရရုပ်သံ၏ အင်္ဂလိပ်ဘာသာထုတ်လွှင့်မှုဖြစ်သော Press TV ၏ ဖော်ပြချက်ခဲ့ သည်။

“အီရန်ဟာ မိမိတို့ ဆုံးဖြတ်တဲ့အချိန်နဲ့ မိမိတို့ရဲ့ သတ်မှတ်ချက်တွေ ပြည့်စုံတဲ့အချိန်မှာမှ စစ်ပွဲကို အဆုံးသတ်မှာဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Press TV က ဖော်ပြသည်။
ထို့အပြင် အီရန်အနေဖြင့် ယင်းအချက်များကို သဘောတူညီချက်မရရှိပါက ဆက်လက်တိုက်ခိုက်သွားမည်ဟုဆိုသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ ကလည်း ၎င်းတို့အနေဖြင့် အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးရန် အစီအစဉ်မရှိကြောင်း၊ အီရန်သည် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ မူဝါဒကတော့ ဆက်လက်ခုခံတွန်းလှန်ဖို့ပဲ ဖြစ်ပါတယ်” ဟု အာရတ်ချီက အစိုးရရုပ်သံတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ညှိနှိုင်းဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခုထိလည်း ဘယ်လိုဆွေးနွေးမှုမှ မလုပ်ဆောင်ရသေးသလို၊ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ လုံးဝကို ခိုင်မာတဲ့ အခြေခံမူပေါ်မှာ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။

“အခုအချိန်မှာ ညှိနှိုင်းဆွေးနွေးဖို့ ပြောနေတာဟာ ရှုံးနိမ့်မှုကို ဝန်ခံလိုက်တာပဲ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အမေရိကန်သမ္မတ ထရန့်က ဝါရှင်တန်အနေဖြင့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ခု အဆိုပြုထားကြောင်း ပြောကြားခဲ့ပြီးနောက်နှင့် တိုက်ပွဲများရပ်တန့်ရန် အီရန်၏ စည်းကမ်းချက်များ ထွက်ပေါ်လာပြီးနောက်တွင် အီရန်အစိုးရရုပ်သံမှ ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။