မူလတန်းကျောင်းသားနှင့် လိင်မှုကိစ္စကျူးလွန်ခဲ့သည့် စင်ကာပူ ဆရာမ ထောင်ဒဏ်ချမှတ်ခံရ

Straits Times

စင်ကာပူတွင် မူလတန်းပြီးစ ကျောင်းသား တစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီးနောက် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများ ကျူးလွန်ခဲ့သည့် ကျောင်းဆရာမတစ်ဦးအား တရားရုံးက ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်သည်။

ကျောင်းသား အသက် ၁၃ နှစ်အရွယ် ၂၀၂၀ ပြည့်နှစ်ခန့်မှစတင်ကာ ၎င်းတို့၏ ပတ်သက်မှု ၄ နှစ်ခန့်အကြာ ၂၀၂၄ ခုနှစ် မတ်လတွင် အဆိုပါအမျိုးသမီးအား ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် အဆိုပါဆရာမသည် အရွယ်မရောက်သေးသူအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် ကလေးသူငယ်အပေါ် မဖွယ်မရာပြုမူမှု အစရှိသည့် စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သဖြင့် မတ်လ ၂၆ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်နှင့် ၁၀ လ ချမှတ်ခြင်း ခံခဲ့ရသည်။

နစ်နာသူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အကာအကွယ်ပေးရန် တရားရုံးက အမိန့်ထုတ်ပြန်ထားသဖြင့် အဆိုပါအမျိုးသမီး၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အဆိုပါကျောင်းသားလေးက အဆက်ဖြတ်လိုက်ပြီးနောက် အမျိုးသမီးသည် ကျောင်းသား၏နောက်သို့ တကောက်ကောက်လိုက်၍ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်။

ဆရာမသည် ကျောင်းသားထံသို့ ဖုန်းခေါ်ဆိုမှု ၂၅ ကြိမ် ပြုလုပ်ခဲ့သည့်အပြင် အီးမေးလ် အနည်းဆုံး ၁၇ စောင် ပေးပို့ခဲ့ပြီး ၎င်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်များကို ကျောင်းသားက ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

ထို့ပြင် ၎င်းကျောင်းသား၏ ချစ်သူအသစ်နှင့် ပတ်သက်၍လည်း မကျေနပ်ကြောင်း၊ မိမိ၏ ဖုန်းမျက်နှာပြင်တွင် ကျောင်းသား၏ဓာတ်ပုံကို Wall paperအဖြစ် ထားရှိဆဲဖြစ်ကြောင်းနှင့် ပြန်လည်တွဲချင်ကြောင်းတို့ကိုလည်း ဖော်ပြခဲ့သည်။

အဆိုပါအမျိုးသမီးသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ၎င်းကျောင်းသား၏ မူလတန်းသင်္ချာပြဆရာမ ဖြစ်ခဲ့ကြောင်း တရားရုံး ကြားနာချက်များတွင် ဖော်ပြထားသည်။

ကျောင်းသားက မူလတန်းအောင်မြင်ပြီးနောက်တွင်လည်း အထက်တန်းကျောင်းစာများအတွက် ဆရာမထံ အကူအညီတောင်းခံရင်း ဆက်သွယ်မှု ရှိနေခဲ့သည်။

၂၀၁၈ ခုနှစ်ကုန်ပိုင်းတွင် ၎င်းတို့နှစ်ဦးအကြား စာပို့ဆက်သွယ်မှုများ ပိုမိုများပြားလာပြီး လူကိုယ်တိုင်လည်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသည်။

ဆရာမ အသက် ၂၈ နှစ်နှင့် ကျောင်းသား အသက် ၁၃ နှစ်အရွယ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် ၎င်းတို့၏ ဆက်ဆံရေးမှာ ချစ်သူရည်စားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တရားလိုဘက်က တင်ပြချက်အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်းတွင် ဆရာမသည် ကျောင်းသားအား မိမိ၏မော်တော်ယာဉ်ဖြင့် ၎င်းနေအိမ်အနီးရှိ ကားပါကင်အဆောက်အအုံသို့ ခေါ်ဆောင်သွားလေ့ရှိပြီး လူသူကင်းဝေးရာတွင် ကားရပ်ကာ နောက်ခန်း၌ ဖက်လှဲတကင်းရှိခြင်း၊ နမ်းရှုပ်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

၎င်းတို့သည် ကားပါကင်ရှိ လှေကားထောင့်များတွင်လည်း ထိုကဲ့သို့ပင် အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ ထိုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း တစ်ရက်တွင် ကားပါကင်၌ပင် အဝတ်အစားများချွတ်၍ အသက် ၁၄ နှစ်အရွယ် ကျောင်းသားအပေါ် ဆရာမက လိင်ပိုင်းဆိုင်ရာ ပြုစုမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက်ပိုင်းတွင်လည်း ၎င်းတို့သည် အပြင်၌ အကြိမ်ကြိမ်တွေ့ဆုံကာ ဆရာမက ကျောင်းသားအပေါ် အလားတူ လိင်ပိုင်းဆိုင်ရာ ပြုစုမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အဆိုပါလူငယ်က ဆက်ဆံရေးကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းအား ဆက်သွယ်ခြင်းမပြုရန် ပြောကြားခဲ့သလို လူမှုကွန်ရက်စာမျက်နှာများအားလုံးတွင်လည်း ပိတ်ပစ် (Block) ခဲ့သည်။

သို့သော် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်းတွင် ဆရာမသည် အဆိုပါလူငယ်နောက်သို့ တကောက်ကောက်လိုက်၍ နှောင့်ယှက်နေခဲ့ခြင်းကြောင့် လူငယ်က ရဲတိုင်ခဲ့ ခြင်း ဖြစ်သည်။

ယင်းအမျိုးသမီးကို ၂၀၂၄ ခုနှစ် မတ်လကတည်းက တာဝန်မှရပ်ဆိုင်းထားပြီး ဖြစ်သလို မည်သည့်ကျောင်းတွင်မျှ ဆက်လက်သင်ကြားခြင်း မရှိတော့ကြောင်း ပညာရေးဝန်ကြီးဌာန (MOE) က ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် Straits Times သတင်းစာသို့ ပြောကြားသည်။

တရားရုံးလုပ်ငန်းစဉ်များ ပြီးဆုံးပါက ပညာရေးဝန်ကြီးဌာနက နောက်ထပ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။