တရားမဝင် တပ်မတော်နေ့အကြို သွေးစွန်း ညစာစားပွဲပြုလုပ်သည့် ဆိုးလ်မြို့ဟိုတယ်ရှေ့တွင် ကန့်ကွက်ဆန္ဒပြ

ဓာတ်ပုံ-ပေးပို့
ဆိုးလ်တွင် ယနေ့ ဆန္ဒပြနေစဉ်။

တရားမဝင်တပ်မတော်နေ့အကြို သွေးစွန်း ဂုဏ်ပြုညစာစားပွဲပြုလုပ်သည့် တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ ဟိုတယ် ရှေ့တွင် မြန်မာနွေဦးတော်လှန်ရေးအင်အားစုများက ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယနေ့(မတ်၂၆ရက်)ညနေပိုင်းတွင် ဆိုးလ်မြို့ Mondrian Seoul Itaewon ဟိုတယ်၌ စစ်ကော်မရှင် စစ်သံရုံးက ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ခြင်းဖြစ်ပြီး ကိုရီးယားရောက် မြန်မာနိုင်ငံသားများသာမက မြန်မာ့ဒီမိုကရေစီရေးကို ဝန်းရံနေကြသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးထံက သိရသည်။

“ဒီကနေ့ဟာ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်တွေကြားမှာ စစ်တပ်က သူတို့ကိုယ်သူတို့ ဂုဏ်ပြုပွဲလုပ်ဖို့ ကြိုးစားနေတာပါ။ ဒါဟာ လုံးဝတရားမဝင်သလို ပြည်သူလူထုတရပ်လုံး နဲ့ သမိုင်းကိုလည်း စော်ကားတာဖြစ်တယ်” ဟု တာဝန်ခံတဦးဖြစ်သူ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ဦးကျော်ဆန်းက MPAသို့ ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို ညနေ ၅ နာရီမှ ည ၈ နာရီအထိ ပြုလုပ်ခဲ့ကြပြီး တက်ရောက်လာကြသူများက အပြစ်မဲ့ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသည့် စစ်တပ်၏ လုပ်ရပ်များအား ရှုတ်ချသည့် ပိုစတာများ၊ ဗီနိုင်းများကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ကန့်ကွက်ခဲ့ကြသည်။

ဆန္ဒပြပွဲအတွင်း ထုတ်ပြန်သည့် ကြေညာချက်တွင် မတ်လ ၂၇ ရက်နေ့သည် မူလက ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်ပြီး စစ်တပ်က တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲကာ ပြည်သူကို ပြန်လည်နှိပ်ကွပ်ရန် အသုံးချနေခြင်းအပေါ် ကန့်ကွက် ရှုတ်ချကြောင်းပြည်သူကို အကာအကွယ်ပေး ရမည့် စစ်တပ်က အကာအကွယ်မပေးသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် အတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့အစည်းကို ‘အကြမ်းဖက်အဖွဲ့’ အဖြစ်သာ သတ်မှတ်ကြောင်း
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်ထံသို့ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် စစ်ရာဇဝတ်ကောင်များကို ICC တွင် အမြန်ဆုံး အရေးယူပေးရန် စသည့်အချက်များကို အလေးအနက် တောင်းဆိုကြောင်း ဖော်ပြထားသည်။
စာတည်း-ML