အကျဉ်းထောင်များတွင် မတရားဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ၏ မှတ်ပုံတင်များကို စစ်တပ်က သိမ်းထားကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) မှ ယနေ့ (မတ်လ ၂၆ ရက်) ထုတ်ပြန်ထားသည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသူဟောင်းများသည် မှတ်ပုံတင်များ အသိမ်းခံထားရသည့်အပြင် ပြည်ပထွက်မသွားနိုင်ရန်အတွက် Passport များကိုလည်း အမည်ပျက်စာရင်း (Blacklist) အသွင်းခံထားရကြောင်း WOPP အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က ပြောသည်။
“မှတ်ပုံတင် အသိမ်းခံရတဲ့ အခြေအနေက နိုင်ငံရေးအကျဉ်းသူတွေမှာ ၅၀ ရာခိုင်နှုန်းကျော်လောက်ရှိတယ်။ မှတ်ပုံတင်အသိမ်းခံရတာကြောင့် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ စောင့်ကြည့်ခံရတာတွေနဲ့၊ ခရီးသွားလာခွင့်ပိတ်ပင်တာတွေကို ကြုံတွေ့နေရတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးအိုးဘိုထောင်၊ မြင်းခြံထောင်၊ သာယာဝတီထောင်နှင့် ဒိုက်ဦးအကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများသည် မှတ်ပုံတင်အသိမ်းခံရခြင်းနှင့် Blacklist သွင်းခံရမှုများ ပိုမိုများပြားကြောင်း မဆုမြတ်က ဆက်လက်ရှင်းပြသည်။
ထို့ပြင် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသူအချို့သည် PSMS (Person Scrutinization and Monitoring System) စနစ်ဖြင့် ဆက်လက်စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်းများ ခံနေရပြီး ယခင်စွပ်စွဲချက်များနှင့် ဆက်စပ်သည့် ပုဒ်မများကို မဖျက်သိမ်းသေးသည့် အခြေအနေများလည်း တွေ့ရှိရကြောင်း WOPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျမကို စဖမ်းကတည်းက မှတ်ပုံတင်တွေ အကုန်သိမ်းသွားတယ်၊ ပြန်လွတ်တော့လည်း အဲဒါတွေက ပြန်မရဘူး၊ ထောင်ကလွတ်လာကတည်းက စောင့်ကြည့်ခံနေရတဲ့ အခြေအနေဆိုတော့ မလုပ်လို့လည်း မရဘူး၊ အကုန်အစက ပြန်လုပ်ရတယ်” ဟု မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ပြောသည်။
“ခရီးသွားရင်းဆိုတော့ လမ်းမှာ ဂိတ်တွေဖြတ်တဲ့အခါ ကိုယ့်ကို သံသယမဝင်အောင်၊ ဘွဲ့လက်မှတ်တွေ၊ ဘွဲ့ရပြီးတော့ အလုပ်လုပ်ထားတဲ့အကြောင်းတွေ အကုန်ယူသွားတာပေါ့၊ လမ်းမှာ မမိဘဲ စစ်တပ်ရဲ့ သတင်းပေးကြောင့် အိမ်ကို ဝင်စီးပြီး အဖမ်းခံရတဲ့အခါ အဲဒါတွေ အကုန်ပါသွားတယ်၊ အခုဆို ကိုယ်က ဘာလဲဆိုတာတောင် ပြစရာမရှိဘူး” ဟု အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ပြောသည်။
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများအနေဖြင့် PSMS စာရင်းတွင် နိုင်ငံရေးပုဒ်မများ ကျန်ရှိနေပါက ပယ်ဖျက်ရန်အတွက် အဆင့်ဆင့်လုပ်ဆောင်ရပြီး အနည်းဆုံး တစ်လကျော်ခန့် ကြာမြင့်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၆၉၂) ဦးရှိကာ ယင်းတို့အနက် အမျိုးသမီး (၆၃၄၈) ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
ထို့ပြင် AAPP ၏ စာရင်းများအရ အာဏာသိမ်းကာလ ၅ နှစ်အတွင်း ကျဆုံးခဲ့ရသည့် အမျိုးသမီး ၂၁၀၀ ကျော် ရှိခဲ့ပြီး ယင်းတို့အနက် အကျဉ်းထောင်၊ ရဲစခန်း၊ စစ်ကြောရေးများတွင် ကျဆုံးခဲ့ရသည့် အမျိုးသမီး ၄၀ ဦး ရှိကြောင်း သိရသည်။
စာတည်း-ကိုဆန်း
