စလင်းတွင် ဘုန်းကြီးကျောင်းကို စစ်တပ် ဒရုန်းဗုံးကြဲ ၊ ကျောင်းဆောင်များ ပျက်စီး

ဓာတ်ပုံ - ပြည်သူ့ညီနောင်-စလင်း
စလင်းမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ပျက်စီးခဲ့စဉ်။(ပုံဟောင်း)

မကွေးတိုင်း ၊ စလင်းမြို့နယ်တွင် စစ်တပ်က ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၂၅ ရက်၊ညနေ ၄ နာရီနှင့် ၅ နာရီခန့်တွင် ကျောင်းကုန်းကျေးရွာနှင့် ကညှပ်ကျေးရွာကြားရှိ ဇီးအုပ်ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းဘုန်းကြီးကျောင်းတွင် ဘုန်းကြီး ၃ ပါး ၊ ကိုရင် တစ်ပါးနှင့် ဘုန်းကြီးကျောင်သား ၂ ဦးရှိသော် လည်း ဗုံးကြဲမှုကြောင့် ဒဏ်ရာ မရခဲ့ကြောင်းနှင့် ယင်း ဘုန်းကြီးကျောင်းတွင် ကျောင်းဆောင် ၆ ဆောင်ရှိသည့်အနက် ကျောင်းဆောင် ၂ ဆောင်နှင့် အိမ်သာ ၂ လုံး မီးလောက်ပျက်စီးခဲ့ကြောင်း ပြည်သူညီနောင်-စလင်းအဖွဲ့က ယနေ့(မတ်လ ၂၆ ရက်) သတင်းထုတ်ပြန်သည်။

“ဘုန်းကြီးကျောင်းက ကျောင်းကုန်းကျေးရွာအပိုင်ထဲမှာဗျ။ ၆ ဆောင်ထဲမှာ ဆွမ်းစားကျောင်း ဆောင် နဲ့ မီးဖိုကျောင်းဆောင် ၊ အိမ်သာ ၂ လုံး ဒရုန်း ချခြင်းကြောင့် မီးလောင် ပျက်စီးပါတယ်။ ကျောင်းထိုင် ဦးဇင်းကြီးကတော့ မရှိဘူးပေါ့နော်။ ခရီးထွက်နေတယ်”ဟု ပြည်သူ့ညီနောင်-စလင်းမှ သတင်းပြန်ရေးတာဝန်ခံ ကိုပြည်သူက MPA သို့ပြောသည်။

ဒရုန်းနှင့်ဗုံးကြဲပြီးနောက် အင်အား ၆၀ ခန့်ပါစစ်ကြောင်းသည် သရက်ချဉ်ကျေးရွာ အနောက်လမ်း အတိုင်း သမြင်ကင်းကျေးရွာသို့ ဝင်ရောက်ပြီး သေနတ်များ ပစ်ဖောက်ခဲ့ကာ ည ၇ နာရီခန့်တွင် သမြင်ကင်းကျေးရွာ၌ အင်အားအနည်းငယ်ချန်ထားခဲ့ကာ လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာ သွားကြောင်း သိရသည်။

” စစ်ကြောင်းဝင်လာတာက ဒရုန်းချပြီး မကြာဘူးပေါ့နော်။ သူတို့တန်းရောက်လာတာ။ ပုံစံကြည့် ရတာပေါ့နော်၊ ဒရုန်းလည်းချ သူတို့လည်း သရက်ချဉ်ဘက်ကနေ စစ်ကြောင်း အဝင်ဖြစ်မယ်ဗျ။အဲဒါ ကြောင့်မလို့ ဒရုန်းချပြီး သိပ်မကြာခင်ပဲ သမြင်ကင်းဘက်ကို စစ်ကြောင်းက တစ်ဆက်တည်း ဝင်ရောက်တာဗျ။ ပြည်သူဖမ်းဆီးတာတော့မရှိဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းကြောင့် သရက်ချဥ် ၊ အုန်းတော ၊ သမြင်ကင်း ၊ ကျောင်းကုန်း ၊ ကျီးသိုက်နှင့် ကညှပ်ကျေးရွာမှ ပြည်သူများ စစ်ရှောင်ခဲ့ရသော်လည်း ယနေ့(မတ်လ ၂၆ ရက်)တွင် ပြည်သူအချို့ ကျေးရွာသို့ ပြန်လည်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။

ကျောင်းကုန်းကျေးရွာသည် စလင်းမြို့နှင့် ၄ မိုင်ခန့်ဝေးပြီး ဆင်ဖြူကျွန်းမြို့နှင့် ၃ မိုင်ခန့် ဝေးကာသ ရက်ချဉ်ကျေးရွာသည် ဆိပ်ဖြူ-စလင်း-ပွင့်ဖြူ-မင်းဘူး လမ်းပေါ်တွင်ရှိပြီး ဆင်ဖြူကျွန်းမြို့နှင့် ၂ မိုင်ခန့်ဝေး၍ စလင်းမြို့နှင့် ၅ မိုင်ခန့်ဝေးသည်။

စာတည်း-ML