ယနေ့အပြီး စစ်တပ်ခေါင်းဆောင်ပိုင်းများ ပြောင်းလဲမည်ဟု စိုးဝင်း ထုတ်ပြောလာ

ယနေ့( မတ်လ ၂၇ ရက်)တွင် ကျရောက်သည့် တပ်မတော်နေ့ အခမ်းအနားများ ပြီးဆုံးပါက စစ်ကော်မရှင်အတွင်း ထိပ်ပိုင်းခေါင်းဆောင်မှု အပြောင်းအလဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင် ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထုတ်ဖော်ပြောကြားလိုက်သည်။

၎င်းက မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် အငြိမ်းစားအရာရှိကြီးများအား ပူဇော်ကန်တော့သည့် အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်ကာ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်သို့ နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုအပြောင်းအလဲနှင့်အတူ စစ်ကော်မရှင်၏ ထိပ်ပိုင်းတွင်လည်း ခေါင်းဆောင်မှုအသစ်များ ပေါ်ထွက်လာမည်ဖြစ်သော်လည်း မည်သူက ဦးဆောင်သည်ဖြစ်စေ ယခင်ခေါင်းဆောင်ဟောင်းများ၏ မူဝါဒနှင့် လမ်းစဉ်များအတိုင်းသာ ဆက်လက်လျှောက်လှမ်းသွားမည်ဟု အသိပေးခဲ့သည်။

အဆိုပါ ပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာသူများက သုံးသပ်ရာတွင် ယခုလုပ်ရပ်သည် ပြည်တွင်းပြည်ပ ဖိအားများကို လျှော့ချရန်အတွက် ပြုလုပ်သည့် နိုင်ငံရေးထွက်ပေါက်တစ်ခု ဖြစ်နိုင်ကြောင်း ဆိုကြသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက “ဒါဟာ အာဏာကို အသွင်သဏ္ဌာန်ပြောင်းပြီး ဆက်လက်ဆုပ်ကိုင်ထားမယ့် နည်းဗျူဟာတစ်ခုပါပဲ။ ဒီမိုကရေစီအစိုးရ ဆိုတဲ့ စကားလုံးကို သုံးပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု ပြန်ရအောင် ကြိုးစားတာ ဖြစ်နိုင်တယ်” ဟု သုံးသပ်သည်။

စစ်ရေးလေ့လာသူများဘက်တွင်မူ စစ်ကော်မရှင်အတွင်း ခေါင်းဆောင်မှု အပြောင်းအလဲသည် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးရှုံးနိမိတ်များကို တာဝန်ယူမှု တာဝန်ခံမှု ပြုလုပ်ရာတွင် တစ်ဦးတစ်ယောက်ကို ထိုးကျွေးခြင်း ဖြစ်နိုင်ကြောင်း ရှုမြင်ကြသည်။

“လူပြောင်းပေမဲ့ မူမပြောင်းဘူးလို့ ပြောထားတာကတော့ တိုက်ပွဲတွေ ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ ခေါင်းဆောင်မှုအသစ်က စစ်ရေးဗျူဟာကို ဘယ်လိုပြောင်းမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ” ဟု စစ်ရေးကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

အဆိုပါပွဲတွင် အငြိမ်းစားဗိုလ်ချုပ်ကြီး သိန်းစိန်ကလည်း အစိုးရသစ်အနေဖြင့် တိုင်းပြည်တည်ငြိမ်ရေးနှင့် ပြည်သူ့စားဝတ်နေရေးကို အလေးထားရန် တိုက်တွန်းခဲ့သည်။ ယင်းအချက်အပေါ် ပြည်သူများကြားတွင်မူ သံသယများစွာ ရှိနေဆဲဖြစ်သည်။

ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက “ဘယ်အစိုးရပဲ တက်တက်၊ တကယ်တမ်း ဆီဈေး၊ ဆန်ဈေး ကျမှာလား၊ စစ်ပွဲတွေ ရပ်မှာလားဆိုတာကပဲ အရေးကြီးဆုံးပါ။ လူလဲရုံနဲ့တော့ ပြည်သူ့ဒုက္ခက ပြေလည်သွားမှာ မဟုတ်ဘူး” ဟု ၎င်း၏ အမြင်ကို ပြောပြသည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ခေတ်အဆက်ဆက် ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်ချက်အတိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟု ဆိုခြင်းမှာ လက်ရှိအရှိန်အဟုန်အတိုင်းသာ ဆက်သွားမည့် အနေအထားဖြစ်ပြီး ယင်းအချက်သည် တော်လှန်ရေးအင်အားစုများအတွက်မူ ဆွေးနွေးမှုထက် တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားနိုင်သည့် အရိပ်အယောင်အဖြစ် ရှုမြင်ခံနေရသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကော်မရှင်အတွင်း အောက်ခြေနှင့် အလယ်အလတ်အရာရှိများကြားတွင် ခေါင်းဆောင်မှုအပေါ် ယုံကြည်မှုကျဆင်းနေခြင်းကို ပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့ အပြောင်းအလဲများကို အမြန်ပြုလုပ်နေရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိနေသည်။

ပြည်သူအများစုကမူ ယခုကဲ့သို့ အပြောင်းအလဲများသည် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ အရပ်သားအစိုးရ အယောင်ဆောင်ပုံစံမျိုး ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

“အစိုးရသစ်ဆိုပြီး ပေါ်လာရင်လည်း စစ်ကော်မရှင်က နောက်ကွယ်ကနေပဲ ကြိုးကိုင်ဦးမှာပဲ။ တကယ်တမ်း ပြည်သူက ရွေးချယ်တဲ့ အစိုးရမဟုတ်ရင်တော့ တိုင်းပြည်က ဆက်ပြီး အကျပ်အတည်းဖြစ်နေဦးမှာပဲ” ဟု နယ်စပ်ဒေသမှ အရပ်ဘက်အဖွဲ့အစည်းဝင်တစ်ဦးက ဝေဖန်သည်။

တပ်မတော်နေ့အပြီးတွင် မြင်တွေ့ရမည့် စစ်ကော်မရှင်၏ ခေါင်းဆောင်မှုအပြောင်းအလဲနှင့် အစိုးရသစ် ပေါ်ပေါက်လာရေးသည် မြန်မာ့နိုင်ငံရေးတွင် ထူးခြားသည့် အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်သော်လည်း ယင်းအပြောင်းအလဲသည် တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို အမှန်တကယ် ပြေလည်စေနိုင်မလား သို့မဟုတ် အာဏာကို အကာအကွယ်ယူရန် နောက်ထပ် အခင်းအကျင်းသစ်တစ်ခုလားဆိုသည်မှာ မကြာမီ ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမည့် အခြေအနေများက သက်သေပြလိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

စာတည်း-ကိုဆန်း