ထိုင်းတွင် မင်းအောင်လှိုင် မိသားစု အိမ်ဝယ်ထားမှုအား “ဂျင်းသတင်း”ဟု စစ်လော်ဘီ ဝါဒဖြန့်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းတွင် အိမ်ဝယ်ထားဟု ပျံ့နှံ့နေသော သတင်းများသည် ဂျင်းသတင်းများဖြစ်ကြောင်း စစ်တပ်လော်ဘီ အောင်မင်းတယ်လီဂရမ်ချန်နယ်က ဖြန့်ဝေနေသည်။

စစ်တပ်ထောက်ခံသူ “Aung Min” တယ်လီဂရမ်ချန်နယ်က မတ် ၂၆ရက် နံနက် ၁၀နာရီကျော်တွင် ထိုင်းတွင် အိမ်ဝယ်ထား ဟုဆိုသော အကြောင်းအရာများသည် ဂျင်းသတင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်အတွက် မြန်မာပြည် သည် အလုံခြုံဆုံးဖြစ် ကြောင်း ရေးသားဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://bitly.cx/JdiIZ

အဆိုပါ အကြောင်းအရာကို MPA Fact-Check team က အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Google တွင် “မင်းအောင်လှိုင် ထိုင်းတွင် အိမ်ဝယ်” ဟု ရှာဖွေစစ်ဆေးရာ Justice For Myanmar ၏ ထုတ်ပြန်ချက်နှင့် စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်းရေးသားဖော်ပြထားကြသည်။

သတင်းများတွင် မင်းအောင်လှိုင် မိသားစုက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမေရိကန် ဒေါ်လာ ၃ သန်းနီးပါး တန်ဖိုးရှိ သော ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာတစ်လုံး ဝယ်ယူထားကြောင်း Justice For Myanmar (JFM)က ထုတ်ပြန်ထား ကြောင်း၊ ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ၂၀၂၂ ခုနှစ်က တန်ဖိုးကြီး ဇိမ်ခံအိမ်တစ်လုံး ကို မင်းအောင်လှိုင် မိသားစုမှ ဝယ်ယူခဲ့ကြောင်း၊ အဆိုပါ အိမ်ရာဝယ်ယူမှုကို မင်းအောင်လှိုင်၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှု ဒုတိယနှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ဝယ်ယူမှုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရခြင်းမရှိ သေးသော စစ်ခေါင်းဆောင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းရေးသားဖော်ပြထားကြသည်။

သတင်းလင့်ခ်များ

Myanmar Now – https://bitly.cx/c94G
သံလွင်ခက် – https://bitly.cx/tEr4
Mizzima – https://bitly.cx/n3N8
DVB – https://bitly.cx/AWM1
Western News – https://bitly.cx/sPNk

Justice For Myanmar က မတ် ၂၅ရက် မွန်းလွဲပိုင်းတွင် မင်းအောင်လှိုင် မိသားစု ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ဇိမ်ခံအိမ် ဝယ်ယူခဲ့မှုအား အချက်အလက်များဖြင့် ထုတ်ပြန်ထားသည်။
JFM ထုတ်ပြန်ချက် – https://bitly.cx/IUBXE

သုံးသပ်ချက်

Justice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်နှင့် သတင်းမီဒီယာများက သတင်းဖော်ပြမှုအရ အာဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင် မိသားစုသည် ထိုင်းနိုင်ငံတွင် တန်ဖိုးကြီး ဇိမ်ခံအိမ်တစ်လုံး ဝယ်ယူခဲ့ကြောင်း အခိုင်အမာ သက်သေ ပြနိုင်သည်။

စစ်တပ်လော်ဘီ အောင်မင်း တယ်လီဂရမ်ချန်နယ်က မင်းအောင်လှိုင် အိမ်ဝယ်ယူမှုအား ဂျင်းသတင်းဟု ဖြန့်ဝေနေမှုသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ ဝါဒဖြန့်နေသော သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ ယုံကြည် လက်ခံခြင်းမပြုဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza