သီရိလင်္ကာတွင် စက်သုံးဆီ ၄ လီတာ သိုလှောင်ထားသူတစ်ဦးကို ထောင်ဒဏ်ချမှတ်ခံရ

AFP

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း ဓာတ်ဆီ ၄ လီတာ သိုလှောင်ထားသည့် အမျိုးသားတစ်ဦးကို သီရိလင်္ကာအာဏာပိုင်များက ထောင်ဒဏ် ၃ ပတ် ချမှတ်လိုက်ကြောင်း မတ်လ ၂၇ ရက်နေ့က ပြည်တွင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ထိုအမျိုးသားက အဆိုပါစက်သုံးဆီမှာ ၎င်း၏မြက်ရိတ်စက်အတွက်ဖြစ်ကြောင်း အစောပိုင်းတွင် ထွက်ဆိုခဲ့သည်။

မြို့တော် ကိုလံဘို၏ အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာအကွာရှိ နီကာဝါရတီယာ မြို့မှ တရားသူကြီးတစ်ဦးက ထိုအမျိုးသားကို ရူပီးငွေ ၁,၅၀ဝ ဒဏ်ငွေလည်း ချမှတ်ခဲ့ကြောင်း Lankadeepa နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

အာဏာပိုင်များက စက်သုံးဆီကို ခွဲတမ်းစနစ်ဖြင့် ကန့်သတ်ရောင်းချနေချိန်တွင် ၎င်းအား ဓာတ်ဆီသိုလှောင်ခြင်းနှင့် မှောင်ခိုဈေးကွက်အတွင်း ပြန်လည်ရောင်းချရန် ကြိုးပမ်းခြင်းတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။

သီရိလင်္ကာတွင် မော်တော်ယာဉ်များအား တစ်ရက်ခြားတစ်ကြိမ်သာ စက်သုံးဆီ ဝယ်ယူခွင့် ပြုထားသည်။

ပြည်တွင်း၌ သိုလှောင်ထားသည့် ဒီဇယ်လက်ကျန်မှာ မေလလယ်အထိ လုံလောက်မှုရှိပြီး ဓာတ်ဆီလက်ကျန်မှာမူ မေလကုန်ခန့်အထိ အသုံးခံနိုင်မည်ဟု အာဏာပိုင်များက ပြောကြားထားသည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ကမ္ဘာ့စက်သုံးဆီထောက်ပံ့မှုများ အနှောင့်အယှက်ဖြစ်စေသည့် တုံ့ပြန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ရာ သီရိလင်္ကာတစ်ဝန်းရှိ စက်သုံးဆီဈေးနှုန်းများသည် သုံးပုံတစ်ပုံခန့် မြင့်တက်လာခဲ့သည်။

သမ္မတ အနုရ ကုမာရ ဒီသာနယကေ ရုံး၏ ထုတ်ပြန်ချက်တွင် ရုရှားဒုတိယစွမ်းအင်ဝန်ကြီး ရိုမန် မာရှာဗင် နှင့် တွေ့ဆုံကာ ဆီထောက်ပံ့မှုများ ရရှိရေးအတွက် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ရုရှားဝန်ကြီးက “အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ရုရှားက သီရိလင်္ကာကို ကူညီပံ့ပိုးပေးဖို့ အသင့်ရှိပါတယ်” ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။