မြဝတီ ငွေလိမ်ခြံဝင်းကြီးတွင် အဓိကရင်းနှီးမြှုပ်နှံသူ သွားကျိုးကို ယူကေ ဒဏ်ခတ်ပိတ်ဆို့မှု JFM ကြိုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ Dongmei Park ငွေလိမ်ခြံဝင်းကြီးတွင် အဓိက ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်သည့် သွားကျိုးဟု လူသိများသော Wan Kuok Koi ကို ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ လိုက်ခြင်းအပေါ် ကြိုဆိုကြောင်း Justice For Myanmar က သတင်းထုတ်ပြန်သည်။

အရှေ့တောင်အာရှဒေသရှိ ဆိုက်ဘာငွေလိမ်စင်တာများအား နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မတ်လ ၂၆ ရက်တွင် Wan Kuok Koi ကို ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကာ ယူကေနိုင်ငံ ၏ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံရှိ ငွေလိမ်စင်တာများတွင် Wan Kuok Koi ၏ ပါဝင်ပတ်သက်မှုကို ဖော်ပြထားကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

တရုတ်ရာဇဝတ်ဂိုဏ်း 14K Triad ၏ ယခင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် Wan Kuok Koi သည် မြန်မာစစ်တပ်ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်နှင့် ဆက်နွှယ်သော မြဝတီမြို့နယ် အတွင်းရှိ Dongmei Park ငွေလိမ်ခြံဝင်းကြီးတွင် အဓိကရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်ကြောင်း JFMကဆိုသည်။

Dongmei Park အတွင်းရှိ ဆိုးရွားလွန်းသော အခြေအနေများအကြောင်းကို ၂၀၂၃ ခုနှစ်တွင် “Neo” ဟု ခေါ်သော လွတ်မြောက်လာသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ရာ ၎င်းသည် ဘာသာပြန်အလုပ် ကောင်းတစ်ခု ရရှိမည်ဟု လိမ်လည်ခေါ်ယူခံရပြီးနောက် တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခုအတွက် cryptocurrency လိမ်လည်မှုလုပ်ငန်းများလုပ်ရန် ဖိအားပေးခံခဲ့ရကာ Dongmei Park အတွင်း ၇လတိုင် ချုပ်နှောင်ခံခဲ့ရကြောင်း New York Times သို့ ပြောကြားခဲ့သည်ဟုသိရသည်။

ထို Parkသည် တရားမဝင်လုပ်ငန်းများအတွက် သေချာစွာတည်ဆောက်ထားသည့် နေရာ အဖြစ် ဖော်ပြထားပြီး၊ မူးယစ်ဆေးဝါးများ ဝယ်ယူနိုင်သည့်အပြင် လိင်လုပ်ငန်းအတွက် အသုံးပြုသည့် အိမ်ယာပုံစံ အဆောက်အအုံများလည်း ပါဝင်ကြောင်း တင်းကျပ်သည့် လုံခြုံရေးစနစ် များကြောင့် ချုပ်နှောင်ခံထားရသူများအတွက် လွတ်မြောက်ရန် မလွယ်ကူဘဲ စောင့်ကြည့်ရေး ကင်းမျှော်စင်များ၊ စစ်ဝတ်စုံဝတ်ထားသော လက်နက်ကိုင်အစောင့်များကို အဓိက ဝင်ပေါက်၌ ထားရှိကြောင်း သိရသည်။

Dongmei Park သည် ထိုဒေသအတွင်း အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး သော်လည်း၊ ယင်း Park ကို မြဝတီတွင် ဧက ၃၀,၀၀၀ ကျယ်ဝန်းသည့် အပန်းဖြေဇုန်၊ ဟိုတယ်များနှင့် ရုံးခန်းများပါဝင်သည့် အကြီးစား စီမံကိန်းတစ်ခုအဖြစ် ရည်မှန်းထားခဲ့ခြင်းဖြစ်သည်။

Wan Kuok Koi ကို ၂၀၂၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

စာတည်း-ML