မကွေးမြို့ရှိ မြသလွန်စေတီကို PDF များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ဟုဆိုသော သတင်းအမှားများကို စစ် ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေကြသည်။
စစ်တပ်ထောက်ခံသူ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မတ်လ ၂၆ ရက် ညနေ ၆ နာရီ ၂၈ မိနစ်တွင် မကွေးမြို့ရှိ မြန်သလွန် ဘုရားဘက် ကို PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဘုရားအနီးရှိ ရွာ များကို ရှော့တိုက်ဒုံးများ ကျရောက်ခဲ့၍ စစ်တပ်က သွားရောက်ရှင်းလင်းရာ ပေါက်ကွဲမှုမရှိသေးသည့် လေးလုံးအား သိမ်းဆည်းရမိခဲ့ကြောင်း၊ ရှော့တိုက်ဒုံးများဖြင့် မကွေးလေတပ်ကို ပစ်ခတ်ခဲ့သည်ဆိုသည်မှာ သတင်းအမှားဖြစ်ကြောင်း၊ မြသလွန်ဘုရားတွင် လူစည်ကားနေသဖြင့် တမင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို “MDY image, Min Chit Oo” အပါအဝင် အခြားသော စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/XezE3
MDY image – https://archive.ph/DRdjR
Min Chit Oo – https://archive.ph/ylbb2
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
မကွေးမြို့ရှိ မြသလွန်စေတီ ပစ်ခတ်ခံရခြင်း ရှိ၊ မရှိသရှိရန် Google တွင် “မြသလွန်စေတီ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခံရ” ဟု ရေးသားရှာဖွေရာ သတင်းမီဒီယာများနှင့် ဆိုရှယ်မီဒီယာအသုံးပြုသူများက အဆိုပါ ကိစ္စကို ရေးသားဖော်ပြထားခြင်းမရှိပေ။
Google တွင် “ မကွေးလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mizzima၊ မောင်း၊ Narinjara” အပါအဝင် သတင်းမီဒီယာများက သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် မတ်လ ၂၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် လေတပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက် မှုကြောင့် မကွေးလေတပ်ထဲရှိ စစ်တပ်၏ ဗုံးသီးများမှာလည်း တည်ငြိမ်မှု မရှိတော့ဘဲ အချိန်မရွေး ပေါက်ကွဲနိုင် သည့် အခြေအနေဖြစ်သွားကြောင်း၊ ပေါက်ကွဲသံကြားရပြီးနောက် ညသန်းခေါင်ကျော်အချိန်ထိ လေတပ်စခန်း အတွင်း လူနာတင်ကားများ အဝင်အထွက်ရှိခဲ့သည်ဟု ဒေသခံ များက ပြောကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>>
Mizzima – https://bitly.cx/0N7Bi
မောင်း – https://bitly.cx/CK5Xt
Narinjara – https://bitly.cx/eN5XR
တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည့် Brave Warriors for Myanmar (BWM) အဖွဲ့ကလည်း သတင်းထုတ်ပြန် ထားသည်။ ထုတ်ပြန်ချက်တွင် မတ်လ ၂၅ ရက် ည ၁၁ နာရီ မိနစ် ၂၀ အချိန်တွင် စစ်ကော်မရှင်၏ မကွေး လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံး ပစ်ခတ်ခဲ့ရာ ၁၁ လုံးစလုံး အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ကြောင်း၊ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရန် အတွက် စစ်ကော်မရှင်က အားထားရသည့် လေတပ်စခန်းဖြစ်ခြင်းကြောင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/Y28N
သုံးသပ်ချက်
သတင်းမီဒီယာများတွင် BWM ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက မကွေးလေတပ်စခန်းသို့ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
မကွေးမြို့ရှိ မြသလွန်စေတီကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း အချက်အလက်စစ်ဆေးမှုများအရ သိရသည်။
ထို့ကြောင့် “မကွေးမြသလွန်စေတီကို PDF များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်” ဟု စစ်တပ်ထောက်ခံသူများ ဖြန့်ဝေနေခြင်းသည် ဘာသာရေးကို ခုတုံးလုပ်၍ သတင်းအမှား ဖြန့်နေခြင်းဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် မတ်လ ၂၇ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
