ဟော်မုဇ်ရေလက်ကြားအား “ထရမ့်ရေလက်ကြား” ဟု သမ္မတထရမ့် ခေါ်ဝေါ်ပြောဆို

DW

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် မရရှိမီ အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့မှုများကို ပြန် ဖွင့် ပေးရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မိုင်ယာမီမြို့တွင် ကျင်းပသည့် ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြု ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တစ်ခု၌ မိန့်ခွန်းပြောကြားစဉ် ထရမ့်က အဆိုပါ အရေးပါသော ရေလမ်းကြောင်းအား “ထရမ့်ရေလက်ကြား” (Strait of Trump) ဟု ရည်ညွှန်းပြောဆိုခဲ့သည်။

“သူတို့အနေနဲ့ ‘ထရမ့်ရေလက်ကြား’ကို ဖွင့်ပေးရပါမယ်၊ ဟော်မုဇ်ကို ပြောတာပါ” ဟု ထရမ့်က ဆိုသည်။
ထို့နောက် ၎င်းက “ခွင့်လွှတ်ပါ… တောင်းပန်ပါတယ်။ ဒါဟာ တကယ့်ကို ဆိုးရွားတဲ့ အမှားတစ်ခုပါပဲ” ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

မမှန်သတင်းဌာန (Fake news) များက ၎င်းအနေဖြင့် ‘ထရမ့်ရေလက်ကြား’ ဟု မတော်တဆမှားယွင်းပြောဆိုခဲ့သည်ဟု ဖော်ပြကြလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် မိမိတွင် မတော်တဆဟူသည်မှာ အလွန်နည်းပါးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တစ်လကြာမြင့်နေပြီဖြစ်သော ပဋိပက္ခအား အဆုံးသတ်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းနှင့် အီရန်ဘက်မှ ရေလက်ကြားအား အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးမှသာ သဘောတူညီချက်ရရှိရန်မှာ “ကောင်းမွန်သော အခြေအနေ” ဖြစ်လာလိမ့်မည်ဟုလည်း ထရမ့်က ဖိုရမ်သို့ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်တော့ဖ်က လာမည့် သီတင်းပတ်အတွင်း အီရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိလာရန် အမေရိကန်ဘက်မှ မျှော်လင့်နေကြောင်း မတ်လ ၂၇ ရက်တွင် ပြောကြား သည်။
“ဒီအပတ်ထဲမှာ တွေ့ဆုံမှုတွေ ရှိလာမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါကိုလည်း တကယ့်ကို မျှော်လင့်နေပါတယ်” ဟု ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီရှိ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တစ်ခုတွင် ဝစ်တော့ဖ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဘက်က အချက် ၁၅ ချက်ပါတဲ့ အဆိုပြုချက်ကို အီရန်ဘက်ကို ပေးထားတာ အတန်ကြာပါပြီ။ သူတို့ဆီက အဖြေကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါဟာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မယ့် အချက်ပါပဲ” ဟု ၎င်းကဆိုသည်။

ဝစ်တော့ဖ်နှင့် ထရမ့်၏ သားမက်ဖြစ်သူ ဂျာရက် ကွပ်ရှ်နာ တို့သည် လွန်ခဲ့သော တစ်လခန့်က အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် တိုက်ခိုက်မှုများ မစတင်မီ နှစ်ရက်အလိုအထိ အီရန်အရာရှိများနှင့် သွယ်ဝိုက်သော သံတမန်နည်းလမ်းဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့မှုကို “ကူညီပံ့ပိုးပေးရန်နှင့် အရှိန်မြှင့်တင်ပေးရန်” တီဟီရန်အစိုးရက သဘောတူညီလိုက်ကြောင်း ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အလီ ဘာဟရိန်နီ က မတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ “လူသားချင်းစာနာမှုဆိုင်ရာ ကုန်ပစ္စည်းများ” ဖြတ်သန်းခွင့်ပြုရန် တောင်းဆိုချက်ကို အီရန်က လက်ခံလိုက်သည်ဟု ဘာဟရိန်နီက ဆိုသည်။

“ယခုလုပ်ရပ်သည် လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုများကို ကူညီပံ့ပိုးရန်နှင့် လိုအပ်နေသူများထံသို့ မရှိမဖြစ် အကူအညီများ ကြန့်ကြာမှုမရှိဘဲ ရောက်ရှိစေရန် အီရန်၏ ဆက်လက်ကတိပြုမှုကို ထင်ဟပ်စေသည်” ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အဆိုပါ အစီအစဉ်သည် တစ်လကြာ စစ်ပွဲအတွင်း ကျဉ်းမြောင်းသော ရေလမ်းကြောင်းနှင့် ပတ်သက်၍ ရရှိသည့် ပထမဆုံးသော သိသာထင်ရှားသည့် တိုးတက်မှုတစ်ရပ် ဖြစ်လာနိုင်သည်။