အမည်ခံအစိုးရဖွဲ့စည်းရန် ကြိုးပမ်းနေစဉ်မှာပင် ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက် ခိုက်မှုမှာ ဆက်လက်အားကောင်းနေဆဲဖြစ်ကြောင်း သိရသည်။
အမည်ခံလွှတ်တော်အစည်းအဝေးများ ပြုလုပ်နေပြီး အမည်ခံအစိုးရဖွဲ့စည်းရန် ကြိုးပမ်းနေသည့် မတ်၂၀ရက်မှ ၂၆ရက်အတွင်း မြို့နယ်ပေါင်း၁၅မြို့နယ်၌ အရပ်သားများကို ပစ်မှတ်ထားသည့် လေ ကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၂ခုကျူးလွန်ခဲ့ပြီး အရပ်သား၅၄ဦးသေဆုံးကာ ၆၉ဦး ဒဏ်ရာရခဲ့ ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်သည်။
မတ်လ၁၃-၁၉ရက်အတွင်း မြို့နယ်ပေါင်း ၁၆မြို့နယ်၌ လေကြောင်းတိုက်ခိုက်မှု ၂၃ခုနှင့် မတ်လ၆- ၁၂ရက်အတွင်း မြို့နယ်ပေါင်း ၁၇မြို့နယ်၌ လေကြောင်းတိုက်ခိုက်မှု ၂၇ခု ကျူးလွန်ခဲ့ကြောင်း ဉာဏ် လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။
“တစ်နိုင်ငံလုံး ဆီအကျပ်အတည်းဖြစ်နေတယ်။သာမန်ပြည်သူတွေရဲ့ နွေခေါင်ခေါင်ကြီးမှာ ပင်ပန်း ဆင်းရဲကြီးစွာနဲ့ ဆီတန်းစီနေရတဲ့အချိန်မှာ မအလ ကတော့ ပြည်သူတွေကိုသတ်ဖို့ လေယာဉ်ဆီအ ပြည့်ရှိနေတုန်းပဲ။ပြီးတော့ အခုဖွဲ့မယ့် အစိုးရဆိုတာလည်း အကြမ်းဖက်အစိုးရပဲဆိုတာကို ဗြောင် ကြေညာနေတယ်လို့လည်း ပြောနိုင်ပါမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPA သို့ပြောသည်။
မတ်လ၁၃-၁၉ရက်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ၂၂ဦးသေဆုံးကာ ၃၇ ဦးဒဏ်ရာရရှိခဲ့ပြီး မတ်၆-၁၂ရက်အတွင်း ၇၃ဦးသေဆုံးကာ ၈၄ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်သည်။
“ကျနော်တို့ မတ်လ၂၀နဲ့ ၂၆ရက်အတွင်းမှာဆိုရင် ကသာမြို့ပေါ်က စစ်ရှောင်တွေခိုလှုံနေတဲ့ ဘုန်း ကြီးကျောင်းကို ဗုံးကြဲတာနဲ့ ၂၁ရက်မှာ ကနီက ဘုန်းကြီးကျောင်း ဗုံးကြဲခံရတာကတော့ အရေးကြီး တဲ့ မှတ်တမ်းတွေပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လ၂၀ရက်တွင် ကသာမြို့၊ရပ်ကွက်၃အတွင်းရှိ မဟာလေးထပ်ကျောင်းကို စစ်တပ်က လေ ကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာနှင့် ပြည်သူ အယောက်၅၀ကျော် သေဆုံးကြောင်း သိရသည်။
မတ်လ၂၁ရက်တွင်လည်း ကနီမြို့၊ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ဂျက် ဖိုက်တာ၈စင်းဖြင့် ၁၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကပ္ပိယအဘိုးတစ်ဦး သေဆုံးခဲ့ကာ မြို့နယ်သံဃာ့ နာယကအဖွဲ့အတွင်းရေးမှူး ဆရာတော်အပါအဝင် ဦးဇင်း၃ပါးနှင့်ကပ္ပိယတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
စာတည်း-ML
