မြန်မာပြည်သူများကို ကူညီရန် ရန်ပုံငွေရရှိမှု အလွန်နည်းဟု ယူနီဆက်ဆို

ဓာတ်ပုံ-ယူနီဆက်
ကလေးငယ်များကို အကူအညီပေးနေသော ယူနီဆက်။

မြန်မာပြည်သူများကို လူသားချင်းစာနာမှုအကူအညီများပေးရန် ရန်ပုံငွေရရှိမှု အလွန်အမင်းနည်းပါး နေဆဲဖြစ်ကြောင်း ယူနီဆက်က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှု တစ်နှစ်ပြည့်သည့် ယနေ့(မတ်၂၈ရက်)တွင် ယူနီဆက်က အထက်ပါ အတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအ ညီ လိုအပ်နေသူပေါင်း ၁၆ဒဿမ၂ သန်းခန့်ရှိကာ ယင်းအထဲတွင် ကလေးငယ် ၄ဒဿမ၉ သန်း ပါဝင်ကြောင်းလည်း ဆိုသည်။

“လိုအပ်ချက်တွေက အလွန်ကြီးမားနေဆဲ ဖြစ်ပေမဲ့ ဒီအတွက် တုံ့ပြန်ကူညီနိုင်ဖို့ ရန်ပုံငွေတွေ ကတော့ အလွန်အမင်း နည်းပါးနေဆဲ ဖြစ်ပါတယ်”ဟု ယူနီဆက်က ဆိုသည်။

ငလျင်လှုပ်ခတ်ပြီး တစ်နှစ်တာ ကာလအတွင်း ယူနီဆက်သည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ငလျင်ဘေးသင့် ဒေသများက ကလေးငယ် ၂ဒဿမ၁ သန်းကျော် အပါအဝင် လူဦးရေ ၄ဒဿမ၆ သန်းခန့်အတွက် အသက်ကယ်ဆယ်ရေး အကူအညီများနှင့် မရှိမဖြစ် လိုအပ်သော ဝန် ဆောင်မှုများ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

“အခုလို အသက်ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်တာဟာ အလှူရှင် တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ရက်ရောတဲ့ ပံ့ပိုးကူညီမှုတွေကြောင့်သာ ဖြစ်ပါတယ်” ဟု ယူနီဆက်က ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူဦးရေ ၃ ဒဿမ ၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အရ ပဋိပက္ခနှင့် ငလျင်ဘေးသင့်ဒေသများကို အဓိကထား ကူညီပေးမည်ဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ မြို့နယ်အားလုံး၏ သုံးပုံနှစ်ပုံခန့်ကို အကူအညီပေးနိုင်ရန် လျာထားကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။

“နိုင်ငံတကာက မြန်မာပြည်သူတွေအတွက် ပေးတဲ့စာနာမှုအကူအညီ တော်တော်များများက ကုလ သမဂ္ဂနဲ့ ဆက်စပ်အဖွဲ့အစည်းတွေဆီ ရောက်တယ်။အဲဒီအဖွဲ့တွေက စစ်တပ်က သဘောမတူတဲ့နေ ရာတွေကို ကိုယ့်သဘောနဲ့ကိုယ် အကူအညီမပေးနိုင်ဘူး။အဲဒါကြောင့် နိုင်ငံတကာကပေးတဲ့ အကူ အညီတွေကို အမှန်တကယ်စစ်ဘေးသင့်ပြီး နေရပ်စွန့်ခွာနေရတဲ့ ပြည်သူတွေ ရတာ အင်မတန်နည်း ပါတယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့ပြီး တစ်နှစ်ပြည့်သည့်အချိန်ထိ လူမှုအသိုင်းအဝိုင်းများသည် ဘ၀ များကို ပြန်လည်တည်ဆောက်ရန် ကြိုးစားရင်း ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေကြရဆဲ ဖြစ်ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက လူဦးရေ ၁ ဒဿမ ၇ သန်းအတွက် အ ကူအညီများ ပေးအပ်နိုင်ခဲ့သော်လည်း အထူးသဖြင့် ပဋိပက္ခဒဏ်သင့်ဒေသများရှိ မိသားစုများအပါ အဝင် ငလျင်ဘေးသင့်ခဲ့သူများသည် အခက်အခဲများနှင့် ရင်ဆိုင်နေကြရဆဲဖြစ် ကြောင်း UNOCHA Myanmar က ယနေ့ ထုတ်ပြန်သည်။

၂၀၂၅ခုနှစ်၊မတ်လ၂၈ရက်တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုကာ ရစ်ချ်တာစကေး ၇ဒဿမ၇ အဆင့်ရှိ ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည်။

စာတည်း-ML