ညောင်လေးပင်တွင် ကင်းထွက်လာသည့် စစ်အုပ်စုဝင်များ မိုင်းဆွဲခံရပြီး ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာ ရဟုဆို

ညောင်လေးပင်မြို့တွင်း တစ်နေရာနှင့် ညဈေးတန်း။

ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်တွင် ကင်းပတ်ထွက်လာသည့် ရဲနှင့်စစ်သားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက်၊ ည ၇ နာရီ ၂၄ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ် ၊ စည်ပင်ကျေးရွာ၌ တပ်စွဲ ထားသော ခမရ ၄၄၀ နှင့် ညောင်လေးပင်မြို့မှ ရဲများ ကျေးရွာအတွင်း ကင်းလှည့်နေစဉ် ရှေ့ထွက် မိုင်း တစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဝင်များ သေဆုံး၊ဒဏ်ရာရမှုကို မျက်မြင် တွေ့ရှိခဲ့ကြောင်း 9 Stars Underground Force က ယနေ့(မတ်လ ၂၈ ရက်)သတင်း ထုတ်ပြန်သည်။

“အဲဒီရွာမှာက ညောင်လေးပင်ရဲနဲ့ ခမရ ၄၄၀ ကကောင်တွေ အင်အား ၃၀ လောက် သူတို့ ပေါင်းပြီး ထိုင်ထားတယ်။ကင်းပတ်လာတာက ၇ ယောက်၊ ၈ ယောက်လောက်တော့ရှိမယ်။ သူတို့ အဲဒီရွာမှာပဲ နေတယ်။ အပြင်တော့ သိပ်မထွက်ကြဘူးဗျ။ ထွက်ရင်လည်း အရပ်ဝတ်တွေနဲ့ပဲ။ နေ့တိုင်းကင်းလှည့် ပါတယ်။ တစ်ခါတလေ ရွာပြင် ကင်းပုန်းထွက် ဝပ်တယ်”ဟု 9 Stars Underground Force ခေါင်း ဆောင် ကိုမြွေပွေးက MPA သို့ပြောသည်။

မိုင်းဆွဲခံရပြီးနောက် ဒိုက်ဦးအခြေစိုက် ခမရ၄၄၀တပ်ရင်းက စစ်သားများ စည်ပင်ကျေးရွာသို့ ရောက် ရှိလာကြောင်း သိရသည်။

“မနေ့ည ၉ နာရီလောက်ကတော့ ဒိုက်ဦး ၄၄၀ က ဆင်းလာတယ် ကြားတယ်။ အင်အား ဘယ် လောက်ပါလဲတော့ မသိဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

ဒဏ်ရာရသည့် စစ်အုပ်စုဝင်များ၏ နောက်ဆက်တွဲ အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယခင်က ယင်းကျေးရွာတွင် စည်ပင်ရွာသား ပျူစောထီးမင်းမင်းဦးဆိုသူက ဂိတ်ဖွင့်ကာ မင်းမင်းဦးသေဆုံးပြီးမှ စစ်အုပ်စုဝင်များက ဆက်လက် အထိုင်ချနေခြင်းဖြစ်ကြောင်း သိရသည်။

စည်ပင်ကျေးရွာသည် ဒိုက်ဦးမြို့နှင့် ၈ မိုင်ခန့်ဝေးပြီး ညောင်လေးပင်မြို့နှင့် ၁၂ မိုင်ခန့်ဝေးသည်။

စစ်အုပ်စုဝင်များ ထိခိုက် သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML