ယခုနှစ် မိုးစပါးရာသီတွင် စပါးမစိုက်ဘဲထားသည့် လယ်မြေများကို ပြန်လည်သိမ်းယူမည်ဟု စစ်တပ်က ခြိမ်းခြောက်သောကြောင့် တောင်သူများ အရှုံးခံစိုက်ပျိုးနေရေကြောင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ တောင်သူများထံမှ စုံစမ်းသိရှိရသည်။
နွေစပါးရိတ်သိမ်းချိန်မှစတင်ကာ စပါးပေါက်စျေးသည် တင်းတစ်ရာလျင် ၁၀သိန်းခန့်သာရသောကြောင့် တောင်သူအများစု အရှုံးများခဲ့သည့်အတွက် မိုးစပါးမစိုက်သည့် လယ်များကို စစ်ကော်မရှင်က အတင်းစိုက်ပျိုးခိုင်းနေကြောင်း အုတ်ဖိုမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
“ဒီလယ်က နိုင်ငံတော်ပိုင်လယ်တွေတဲ့ မင်းတို့ကိုအငှားချထားတာတဲ့ မစိုက်နိုင်ဘူးဆို လယ်သိမ်းမယ်ဆိုပြီးပြောတယ်။ ကျတော်တို့လည်း မစိုက်ချင်ဘဲ စိုက်လိုက်ရတယ်။ စပါးကစျေးမှ မကောင်းတာ၊ စိုက်ရင်ရှုံးမှာ သိနေတာကြီးကို ဘယ်စိုက်ချင်မလဲ၊ အထွက်ကောင်းတဲ့ နွေစပါးတောင်ရှုံးနေတာ၊ အပျက်အစီးများတဲ့ မိုးစပါးဆို ပိုရှုံးဖို့ပဲရှိတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် နောက်ဆုံးအပတ်က စစ်ကော်မရှင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာ၀တီခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းလေ့လာမည်ဟုဆိုသောကြောင့် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ စပါးမစိုက်ပျိုး သည့် လယ်ကွင်းများကို အတင်းအဓမ္မစိုက်ပျိုးခိုင်းကြောင်း လက်ပံတန်းမြို့မှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကပြောသည်။
“ဝန်ကြီးချုပ်လည်း လာမယ်ဆိုရော ခရိုင်မှူးက လယ်မစိုက်တဲ့ကွင်းတွေ အကုန်စိုက်ခိုင်းတယ်။ အဲ့ဒီလမ်းဘေးမှာလည်း မစိုက်တဲ့သူတွေမနည်းများတယ်။ အဲ့ဒီရက်ကလည်း မိုးမရွာဘူး။ ရေမရှိတော့ လယ်သမားတွေ ဖြစ်သလိုပဲစိုက်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် သာယာ၀တီခရိုင်အတွင်းရှိ စပါးခင်းများ၌ ပေါက်နေသည့် ပေါင်းမြက်များ မမြင်ချင်ဟု စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ပြောဆိုသောကြောင့် တောင်သူများ မြင်ပင်များရှင်းလင်းနေရသည်ဟု သာယာ၀တီမြို့မှ အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။
“မြရိတ်စက်တွေနဲ့ ဖြတ်ရ၊ အငှားသမားတွေခေါ်ပြီး မြက်တွေလိုက်နုတ်ရနဲ့ အလုပ်တွေ တော်တော်ရှုပ်သွားတယ်။ အာဏာသိမ်းပြီးကတည်းက လယ်တွေလုပ်ရတာ မလွယ်တော့ဘူး။ အရာရှိတစ်ယောက်ယောက်လာမယ်ဆို အကုန်လုပ်ခိုင်းတာ လုပ်ရတယ်။ စပါးစျေး မကောင်းရတဲ့ကြားထဲ ဟိုဟာလုပ်ခိုင်းဒီဟာလုပ်ခိုင်းနဲ့ ကုန်ကျမှု ပိုများလာတယ်” ဟု ၎င်းက ရှင်းပြသည်။
စပါးစျေးအလွန်ကျဆင်းမှုကြောင့် တောင်သူများ အရှုံးများနေသည်ကို စပါးစျေးကောင်းရရှိရန် မဖြေရှင်းပေးဘဲ အတင်းအဓမ္မလယ်စိုက်ခိုင်းချင်းသည် တောင်သူများကို ဒုက္ခပေးမှုသာဖြစ်ကြောင်း အုတ်ဖိုမြို့နယ်မှ စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောသည်။
“စပါးစျေးကောင်းရင် ဘယ်တောင်သူမှ မစိုက်ဘဲမနေဘူး။ အခုက လယ်တစ်ဧက မကုန်ဘူးဆို အနည်းဆုံး ၆သိန်းပဲ၊ ခုစပါးစျေးနဲ့က တစ်ဧက ၆သိန်းရဖို့မလွယ်ဘူး။ အဲ့ဒီတိုင်းသာဆက်သွား နွေစပါးတောင် ဘယ်သူမှ စိုက်မှာမဟုတ်တော့ဘူး” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စပါးစျေးအဆမတန်ကျဆင်းပြီး စျေးကောင်းမရသည့်အတွက် တောင်သူအချို့သည် စပါးခင်မျးကို ဖျက်ဆီးပြီး အခြားသီးနှံများ အစားထိုးစိုက်ပျိုးမှုများ ပြုလုပ်နေကြသည်။
