စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သော ကျောင်းသားများကို အေအေတပ်ဖွဲ့ဝင်အသစ်များဟု သတင်းအမှားဖြန့်နေ

သေဆုံးသွားရသည့် ကျောင်းသားကလေးငယ် .များမှာ အေအေက လူသစ်စုဆောင်းထားသည့် သင်တန်းသားများ ဖြစ်ဟုဆိုသော အကြောင်း အရာသည် စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“ဟန်ငြိမ်းဦး” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၃ ရက် နံနက် ၇ နာရီခွဲ တွင် အသက်မပြည့်သည့် ကလေးငယ်များကို အတင်းအဓမ္မလူသစ်စုဆောင်းပြီး သင်တန်းပေးနေသည့် ကိစ္စကို အေအေ ကိုယ်တိုင် ဝန်ခံလိုက်ပြီဖြစ်ကြောင်း ၊ ကျောက်တော်တွင် စာသင်ကျောင်းဗုံးကြဲခံရသည်ဆိုသည်မှာ တမင် ဝါဒဖြန့်ချိခြင်းသာဖြစ်ကြောင်း၊ ရခိုင်တွင် ဘယ်ကျောင်းမှ ပညာသင်ကြားခွင့်မရသေးကြောင်း၊ သေဆုံးသွားသူများ၏ ဓာတ်ပုံများကို ထုတ်ပြန်ကာ ကျောင်းသားများဖြစ်သည်ဟု လိမ်ညာနေကြောင်း၊ အမှန်တကယ်မှာ အေအေက အတင်းအဓမ္မစစ်သားစုဆောင်းထားသည့် သင်တန်းသားများ ဖြစ်ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးမှုကြောင့် လူသစ်စုဆောင်းပြီး သင်တန်းပေးနေသည့် သင်တန်းစခန်းနေရာကို အတိအကျ ဗုံးကြဲရှင်းလင်းနိုင်ခဲ့ခြင်းသာ ဖြစ်ကြောင်းကို သေဆုံးသူများ၏ ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်း အထိ ဝင်ရောက်ကြည့်ရှုသူ ၁၉,၀၀၀ ကျော်၊ Reaction ပေးသူ ၃၀၀ ကျော် ရှိခဲ့ပြီး “Kyaw Swar, Thazin Oo, Ko Thet” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများ‌နေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/hLJ5O
Kyaw Swar – https://archive.ph/UdJHQ
Thazin Oo – https://archive.ph/UtWlT
Ko Thet – https://archive.ph/hUdTr

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများမှာ အာရက္ခတပ်တော် ( အေအေ ) က ထုတ်ပြန်ထားသော ဓာတ်ပုံများ ဖြစ်နေသည်။ စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီ ၀၅ မိနစ်တွင် ရခိုင်ပြည်နယ်၊ ကျော်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း နှင့် အမြင်သစ် ကိုယ်ပိုင်စာသင်ကျောင်းများကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသော ကျောင်းသူ၊ ကျောင်းသား များ၏ ဓာတ်ပုံများ ဖြစ်ကြောင်း ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများကို လက်ပိုက်ကြည့်မနေဘဲ အရေးယူမှုများ လုပ်ဆောင်ရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း၊ အေအေ အနေဖြင့် တရားမျှတမှု ရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/ZkPwM

အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ကျောက်တော် စာသင်ကျောင်း ဗုံးကြဲခံရမှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “The Irrawaddy, Western News,Narinjara” အပါအဝင် အခြား မီဒီယာများက ၊၊ သတင်းဖော်ပြထားသည်။

“The Irrawaddy ” တွင် စက်တင်ဘာ ၁၂ ရက် ကျောက်တော်မြို့၊ သရက်တပင်ရွာရှိ ကိုယ်ပိုင်စာသင်ကျောင်းများ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၂ ဦး အထိ ရှိလာပြီဖြစ်ကြောင်း၊ ပြင်းထန်ဒဏ်ရာရသူများထဲတွင်လည်း အသက်အန္တရာယ် စိုးရိမ်ရသူများ ရှိသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ကျောင်းသားများ အိပ်မောကျနေသည့်အချိန်၌ စစ်ကော်မရှင်တပ်က တမင်တကာ လာရောက်ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/ukanu

“Western News” တွင် သရက်တပင်ရွာရှိ ကိုယ်ပိုင်စာသင်ကျောင်းများ ဗုံးကြဲခံရပြီး ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများအတွက် စိုးရိမ်ပူပန်လျက်ရှိသည်ဟု UNICEF ထုတ်ပြန်ကြောင်း၊ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများကို ကာကွယ်ပေးရမည် ဖြစ်ပြီး အရေးပေါ်ကူညီမှုများကိုလည်း ခွင့်ပြုပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/7tvx7

“Narinjara” တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သရက်တပင်ရွာရှိ ကိုယ်ပိုင်စာသင်ကျောင်းနှစ်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီးနောက် လေကြောင်းအန္တရာယ် စိုးရိမ်သည့်အတွက် ကျေးရွာအချို့ရှိ အလွတ်သင် ပညာသင်ကျောင်းများအားလုံးနီးပါး ပိတ်ထားလိုက်ရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်အတွက် မိမိအစီအစဉ်ဖြင့် ပညာသင်ယူနေရသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများမှာ စိုးရိမ်မှု မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/HsCc

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ စာသင်ကျောင်းနှစ်ကျောင်း ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူများမှာ ကျောင်းသားများ ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

UNICEF ကလည်း ကျောင်းသားကလေးငယ်များ သေဆုံးသွားရသည့် အတွက် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော ဝါဒဖြန့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသည့် “သေဆုံးသွားသူများမှာ အေအေက လူသစ်စုဆောင်းထားသည့် စစ်သင်တန်းသားများ ဖြစ်သည်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်း အချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။