ပေါက်တွင် အမျိုးသား ၅ ဦးကို စစ်တပ် ဖမ်းဆီးပြီး ရိက္ခာများ လုယက်သွား

ဓာတ်ပုံ - စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်
ပုံစာ - ဩဂုတ် ၂၀ရက်တွင် စစ်တပ် ရိက္ခာပို့စစ်ကြောင်းကို ပေါက်မြို့ ဌာနဆိုင်ရာ NON CDM ဝန်ထမ်းများက ကြိုဆိုကြစဉ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်တပ်က အမျိုးသား ၅ ဦးကို ဖမ်းဆီးပြီး ရိက္ခာများကို လုယက်သွားကြောင်း သိရသည်။

ယနေ့ ( စက်တင်ဘာ ၁၅ရက် ) နံနက် ၉ နာရီကျော်တွင် ပေါက်မြို့နယ် အနောက်တောင်ခြမ်း သစ်ချိုကုန်းနှင့် တပ်ကုန်းပျူရွာတို့မှ ပူးပေါင်း အင်အား ၂၀ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းသည် ဆတ်သွားကျေးရွာထဲသို့ ဝင်ရောက်လာကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Pakokku District News ထံက သိရသည်။

” အဖမ်းခံရတာ ကနဦး ကျား ၅ဦးပါ။ အသက်အရွယ်တွေတော့ မသိရသေးဘူး။ ပြည်သူတွေက ရှောင်ချိန်ရလိုက်ပါတယ်။ ဒီ ၅ဦးက ‌မရှောင်လို့မိတာလား၊ ဘာကြောင့်လဲမသိရသေးပါဘူး။အခြေအနေက နည်းနည်းရှုပ်ထွေးနေလို့ပါ ” ဟု Pakokku District News မှ Admin Hawk က MPA ကို ပြောသည်။

ဖမ်းဆီးခံရ‌သည့် အမျိုးသား၅ဦးကို မည့်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသလဲ မသိရှိရသေးပေ။

” ရွာထဲက ရိက္ခာတွေလည်း ယူသွားတယ်။ အနားမှာ တိုက်ပွဲလည်းမဖြစ်ဘူး။ သိရသလောက် အကြောင်းမဲ့စစ်ကြောင်းထိုးဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ပေါက်မြို့နယ်၊ဆတ်သွားရွာတွင် အိမ်ခြေ၁၀၀ကျော်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၄ရက် နံနက်ပိုင်းနှင့် ညပိုင်းကလည်း စစ်တပ်သည် ‌ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို ဗုံးသီး ၃၃လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သေးသည်။