မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်တွင် ပြည်သူ့ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီတို့ အမတ်လောင်းရှာမတွေ့သေးကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်သည် တော်လှန်ရေးအင်အားစု လုံးဝကင်းစင်ပြီး စစ်ကော်မရှင်အာဏာ အပြည့်အဝ ရှိနေသည့်ဒေသဖြစ်သောကြောင့် ပါတီများက ချောင်းဆုံကိုယ်စားပြု ရွေးကောက်ပွဲဝင်ရန် စိတ်ဝင် စားကြပြီး ပြည်သူ့ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီတို့ အမတ်လောင်းလိုက်ရှာနေသည်မှာ လနှင့်ချီ ကြာပြီဖြစ်သော်လည်း မရသေးကြောင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံ လူမှုကူညီရေး သမားတစ်ဦးထံက သိရသည်။
“ပြည်သူ့ရှေ့ဆောင်ဆို အခုထိ လူခံမရသေးလို့ ချောင်းဆုံမှာ ရုံးခန်းမဖွင့်နိုင်သေးဘူးဆိုတော့ ချောင်း ဆုံကနေ သက်သက်ခိုင်ပါတီ(ပြည်သူ့ရှေ့ဆောင်ပါတီ)ဝင်ပြိုင်ဖို့တောင် မလွယ်ဘူးလို့ ထင်တယ်။ကို ကိုကြီးပါတီ(ပြည်သူ့ပါတီ)က ရုံးခန်းတော့ဖွင့်ထားတယ်။ပါတီဝင်က ၁၀ယောက်မရှိဘူးထင်တယ်။အ မတ်လောင်းလိုက်ရှာနေတာ ယောက်ယက်ခတ်နေရော”ဟု ၎င်းက MPAသို့ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၊မွန်ညီညွတ်ရေးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(တစည)၊အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီနှင့် ပြည်သူ့ပါတီတို့က ပါတီရုံးများ ဖွင့်လှစ် ပြီးဖြစ်သော်လည်း ပြည်ခိုင်ဖြိုးနှင့် မွန်ညီညွတ်ရေးပါတီတို့သာ အမတ်လောင်းအစုံအလင်ရသေး ကြောင်း သိရသည်။
“ကြံ့ဖွတ်တောင် အမတ်လောင်းက လျာထားတဲ့အဆင့်ပဲရှိသေးတယ်။ဘာလို့လဲဆိုတော့ နေပြည် တော်ကနေ အမတ်လောင်းရွေးဖို့ လွှတ်လိုက်တဲ့လူတွေ ရောက်လာရင် ဖယ်ပေးရမှာမို့ လျာထားတဲ့ အဆင့်ပဲလို့ ကြားတယ်။လျာထားတဲ့စာရင်းကလည်း အခုထိ လျှို့ဝှက်ပဲ”ဟု ၎င်းက ဆက်လက် ပြောသည်။
လက်ရှိ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း(မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ) မည်သည့်နေရာက ဝင်အရွေးခံမလဲဆိုသည်ကိုလည်း ပါတီတွင်း လျှို့ဝှက်ထားကြောင်း သိရသည်။
ချောင်းဆုံတွင် နိုင်ငံရေးအမှန်တကယ်လုပ်ကြသူများ မရှိတော့ကြောင်း ချောင်းဆုံမြို့ခံတစ်ဦးက ပြောသည်။
“ကျပ်မပြည့်တဲ့ကောင်တွေလောက်ပဲ အမတ်လောင်းရမလားဆိုပြီး လုပ်စားဖို့ ချောင်းနေကြတယ်။ ပြည်သူ့ပါတီတို့ ပြည်သူ့ရှေ့ဆောင်တို့က ငွေပေးပြီး အမတ်လောင်းဌားရင်တော့ ရနိုင်မလားပဲ”ဟု ချောင်းဆုံမြို့နယ်၊ကညှော်ရွာသားတစ်ဦးက ပြောသည်။
တရားမဝင်ရွေးကောက်ပွဲဝင်မည့် ပါတီအချို့သည် စည်းရုံးရေးမှူးကို ကျပ်၁၀သိန်းနှင့် အမတ်လောင်း တစ်ဦးကို ၅သိန်းပေး ဝယ်ကြခြင်းများရှိကြောင်း ဖျက်သိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဒုဥက္ကဌ စန္ဒာမင်းက ဘီဘီစီသို့ ပြောကြားထားသည်။
မွန်ပြည်နယ်အတွင်း တရားမဝင်ရွေးကောက်ပွဲအပိုင်း၁ ပြုလုပ်မည့် ကျိုက်ထို၊ကျိုက်မရောနှင့် သထုံ မြို့နယ်တို့တွင် တော်လှန်ရေးအင်အားစု စိုးမိုးထိန်းချုပ်နယ်မြေများရှိပြီး မော်လမြိုင်နှင့်ချောင်းဆုံတို့ တွင်သာ စစ်ကော်မရှင် အာဏာသက်ရောက်မှု အလုံးစုံရှိသည်။
တရားမဝင်ရွေးကောက်ပွဲဝင် အမတ်လောင်းစာရင်းတင်သွင်းရမည့်နောက်ဆုံးရက်ကို စက်တင်ဘာ ၁၇ရက် အစား စက်တင်ဘာ၂၂ရက်အထိ ထပ်တိုး သတ်မှတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
