သံတောင်ကြီးတွင် စစ်ကြောင်းထိုးလာသည့်တပ် ဖြတ်တိုက်ခံရပြီး ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရဟုဆို

ဓာတ်ပုံ - KNLA တပ်မဟာ ၂ တပ်ရင်း ၅ ကမ်းနီကြားဒေသကာကွယ်ရေးအဖွဲ့
ပုံစာ - တိုက်ပွဲဝင်ရဲဘော်များ။(ပုံဟောင်း)

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်တပ် ဖြတ်တိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်၊ နံနက် ၂ နာရီခွဲခန့်တွင်သံတောင်ကြီးမြို့နယ်၊ မုခ်ဦး‌ ကျေးရွာအနီး၌ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းကို မိုင်းဆွဲပြီးနောက် တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“ကျနော်တို့စိတ်ထင် ဒီကောင်တွေ လိပ်သိုထိတတ်ဖို့များတယ်။၄ ဦးမှာ ၂ဦးအတော်ပြင်းတယ်။ ပုခက်နဲ့ပါ ထမ်းသွားရတယ်။အရာရှိဖြစ်ဖို့များတယ်။ဘာလို့ဆိုရင် ရှေ့ဆက်မတတ်ဘူး။ အဲ့ဒီစစ် ကြောင်းက ပြန်လှည့်သွားတယ်။ရွာသားတွေကို လမ်းပြခေါ်ပြီး နောက်ကြောင်းပြန်ခေါက်သွားတာကြောင့်ပါ”ဟု KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

သေဆုံးခဲ့သည့် စစ်သား ၂ ဦး၏အလောင်းကို ကားဖြင့် တောင်ငူသို့သယ်ဆောင်သွားခဲ့ပြီး ဒဏ်ရာရ စစ်သား ၄ ဦးအား ပုခက်နှင့်ထမ်းကာ စစ်ကြောင်း ပြန်‌ဆုတ်သွားကြောင်း သိရသည်။

“၁၅၀ လောက် နောက်ကြောင်းပြန်ခေါက်ပြီး ထုံးဘိုကြီးစခန်းမှာ ၅၀လောက်ချန်ထားခဲ့တယ်။ ဒီနေ့ကတော့လောလောဆယ်ငြိမ်နေပါသေးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် အချိန်မရွေး စစ်ကြောင်းထိုးနိုင်သောကြောင့် ပြည်သူများဂရုပြု ကြရန်လည်း တိုက်တွန်းထားသည်။

စက်တင်ဘာ ၁၁ ရက်ကလည်း တောင်ငူမြို့မှ အင်အား ၂၀၀ ခန့်ဖြင့် တောင်ငူ-လိပ်သို လမ်းပိုင်းသို့ထွက်လာသည့် စစ်ကြောင်းကို ဥသျှစ်ပင်ရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ ကမ်းနီကြား ဒေသကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသေးသည်။