ပဲခူးတိုင်းအတွင်းရှိ သာယာ၀တီအကျဉ်းထောင်တွင် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ သို့မဟုတ် လူ့အခွင့်အရေးကော်မရှင်နှင့် ICRC ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ လာရောက်စစ်ဆေးမည့် လမ်းကြောင်းရှိသည့်အခါတိုင်း အဆောင်သန့်ရှင်းရေးကို အကြောင်းပြ၍ အကျဉ်းသားများထံမှ ငွေကြေးအဓမ္မကောက်ခံမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် သာယာ၀တီအကျဉ်းထောင် အဆောင်များကို ထုံးသုတ်ခြင်း၊ ဆီဆေးနှင့် ရေဆေးများ သုတ်ခြင်းအတွက် ကုန်ကျစရိတ်များကို အကျဉ်းသားများထံမှ တောင်းယူမှုများပြုလုပ်နေကြောင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးက ပြောသည်။
“တကယ်တော့ အကျဉ်းထောင်တွေ ပြုပြင်ထိန်းသိမ်းဖို့အတွက် နိုင်ငံတော်က ချမှတ်ပေးထားတဲ့ အသုံးစရိတ်တွေ အတိအကျ ရှိနေတာပါ။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေက အဲဒီငွေတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ပြီး အိတ်ကပ်ထဲ ထည့်နေကြတာပါ။ အဆောင်သန့်ရှင်းရေးကအစ အကုန်လုံးကို အကျဉ်းသားတွေအပေါ်မှာပဲ ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ပုံချပြီး ငွေညှစ်နေကြတာပါပဲ” ဟု ၎င်းက ပြောသည်။
ယင်းအပြင် အဆောင်ပြုပြင်ရေးသာမက အခန်းများတွင် ခတ်ထားသည့် သော့များ ပျက်စီးသွားပါကလည်း အကျဉ်းဦးစီးဌာနက တာဝန်ယူလဲလှယ်ပေးခြင်းမရှိဘဲ အကျဉ်းသားများအချင်းချင်း ငွေစုပေါင်းကောက်ခံကာ အသစ်လဲလှယ်ခိုင်းခြင်းမျိုးအထိ ပြုလုပ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ဒါဟာ အကျဉ်းထောင်ဆိုတဲ့ အမည်အောက်မှာ အကျဉ်းသားတွေကို ငွေညှစ်စက်တွေလို သဘောထားပြီး စနစ်တကျ ကျူးလွန်နေတဲ့ အဂတိလိုက်စားမှု တစ်ခုပဲ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက MPA သို့ သုံးသပ်ပြောကြားသည်။
သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ ထိုကဲ့သို့ အဓမ္မငွေကောက်ခံမှုများကို ငြင်းဆန်သည့် အကျဉ်းသားများ သို့မဟုတ် ငွေကြေးမတတ်နိုင်သူများသည် ထောင်တွင်း၌ အေးအေးဆေးဆေး နေထိုင်ခွင့်မရတော့ဘဲ နည်းမျိုးစုံဖြင့် နှိပ်စက်ခြင်းကို ခံရလေ့ရှိသည်။
အာဏာပိုင်များသည် ထိုအကျဉ်းသားများအပေါ် အပြစ်မရှိ အပြစ်ရှာကာ ရုံးတင်ခြင်း၊ တိုက်ပိတ်ခြင်း သို့မဟုတ် အဆောင်များခွဲထုတ်ကာ ခက်ခဲကြမ်းတမ်းသည့် အလုပ်များခိုင်းစေခြင်းဖြင့် ဒုက္ခပေးလေ့ရှိကြောင်း သိရသည်။
ထိုသို့သော အကျပ်ကိုင်မှုများကြောင့် အကျဉ်းသားများသည် ထောင်တွင်း၌ ထပ်မံနှိပ်စက်ခံရမည်ကို စိုးရိမ်သဖြင့် မတတ်သာသည့်အဆုံး ပြင်ပရှိ ၎င်းတို့၏ မိသားစုဝင်များထံမှ ငွေကြေးတောင်းခံကာ ထောင်အာဏာပိုင်များ၏ အလိုကျ ပေးဆောင်နေကြရသည်။
အဆင့်မြင့်အရာရှိကြီးများ လာရောက်သည့် လမ်းကြောင်း တစ်ခုရှိလာတိုင်း ထောင်အာဏာပိုင်များအတွက်မူ အကျဉ်းသားများထံမှ ငွေညှစ်နိုင်သည့် စီးပွားရေးလုပ်ကွက်ကြီးတစ်ခု ရရှိသကဲ့သို့ ဖြစ်နေသည်မှာ အင်မတန် ရွံရှာဖို့ကောင်းသည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
“အပြင်က အဖွဲ့အစည်းတွေ လာကြည့်တဲ့အချိန်မှာတော့ အကျဉ်းသားတွေဟာ သန့်ရှင်းသပ်ရပ်တဲ့ အဆောင်တွေထဲမှာ အဆင်ပြေပြေ နေထိုင်နေရသလိုမျိုး ဟန်ပြလုပ်ပြထားတာပါ။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာတော့ အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေရဲ့ မျက်ရည်တွေ၊ ချွေးနည်းစာတွေနဲ့ ပေးဆပ်ထားရတာကို ဘယ်သူမှ မသိကြပါဘူး။ ဒါဟာ ပြောင်ပြောင်တင်းတင်းကို လူ့အခွင့်အရေး ချိုးဖောက်နေတာပါ” ဟု ၎င်းကပြောသည်။
ICRC နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် ထောင်တွင်းသို့ လာရောက်စစ်ဆေးသည့်အခါ အာဏာပိုင်များက ကြိုတင်ပြင်ဆင်ပြသထားသည့် ဟန်ပြလမ်းကြောင်း အတိုင်းသာ မကြည့်ဘဲ အကျဉ်းသားများ၏ တကယ့်မြေပြင်အခြေအနေကို သိရှိအောင် ကြိုးစားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
အကျဉ်းသားများသည် လူသားတစ်ယောက်အနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် အကာအကွယ်များ ရှိရမည်ဖြစ်ပြီး၊ အကျဉ်းထောင်များအတွင်း အမြစ်တွယ်နေသည့် ဤကဲ့သို့သော စနစ်ဆိုးများကို ပြည်သူနှင့် နိုင်ငံတကာက ပိုမိုသိရှိကာ ထိရောက်သော အရေးယူမှုများ ပေါ်ပေါက်လာရန် လိုအပ်နေကြောင်း နိုင်ငံရေးလေ့လာသူက ပြောသည်။
စာတည်း-ကိုဆန်း
