ရန်ကုန်လမ်းမများပေါ် စစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ တစ်ပတ်အတွင်း ၂၄ဦးရှိကြောင်း Rangoon Scout Network-RSN က ယနေ့(စက်တင်ဘာ၁၅ရက်) သတင်းထုတ်ပြန်သည်။
စက်တင်ဘာ၈ရက်မှ ၁၄ရက်အတွင်း ရန်ကုန်လမ်းများပေါ် သွားလာနေစဉ် ဖမ်းဆီးခံရသူ ၂၁ဦးနှင့် လမ်းဘေးတွင် ထိုင်နေစဉ် အဖမ်းခံရသူ ၃ဦး၊· သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၈ ဦးနှင့် ခိုးမှုဖြင့် အဖမ်းခံရပြီး စစ်မှုထမ်းထဲ အထည့်ခံရသူတစ်ဦး စုစုပေါင်း ၃၃ဦးရှိကြောင်း ယင်း ၃၃ဦးသည် အရှေ့ဒဂုံ၊ အလုံ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ခရမ်း၊ သန်လျင်၊ ကမာရွတ်၊ ဗဟန်း၊ ကျောက်တံတားနှင့် မရမ်းကုန်းမြို့နယ်တို့၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
“အမှန်အကန်ကို ဖမ်းနေပါတယ်။ကျနော်သိရသလောက်ပြောရရင် ညဘက် လှည့်ကင်းနဲ့ လိုက်ဖမ်း တာရှိတယ်။ဧည့်စာရင်းစစ်ပြီး ဖမ်းတာရှိတယ်။ပြီးတော့ ပျူစောထီးနဲ့ စစ်တပ်က နေ့ခင်းဘက် လမ်း မတွေပေါ် အလစ်ဝင်ဆွဲတာတွေ ရှိတယ်။ကျနော်ဆို အသက်၅၀ကျော်နေပြီ၊ဒါပေမဲ့၊အဖမ်းခံရမှာ ကြောက်လို့ နည်းနည်းမှောင်တာနဲ့ အိမ်အပြင်ကို မထွက်တော့တာ”ဟု လှိုင်မြို့နယ်ရပ်ကွက်အုပ်ချုပ် ရေးနှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။
လှည့်ကင်း၊ဧည့်စာရင်းနှင့် လမ်းမပေါ် အဖမ်းခံရသူများအားလုံးကို စစ်မှုထမ်းထဲသို့ ပို့ဆောင်သည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။
စက်တင်ဘာ၈ရက်မှ ၁၄ရက်အတွင်း ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူများနှင့် ချုပ်နှောင်ခံထားရသူများလည်း ရှိသေးပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း RSN ကဆိုသည်။
စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၇ အတွက် လှည်းကူးမြို့နယ်၊ စခတ ၁(အမှတ်၁စစ်အခြေခံ လေ့ကျင့်ရေးတပ်) သို့ သင်တန်းသားသစ်များ ရောက်ရှိလာပြီဖြစ်ကြောင်းလည်း စက်တင်ဘာလ ၁၃ ရက်တွင် စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
