ရှန်ဟိုင်း ဟော့ပေါ့ဆိုင်တွင် ဟင်းအိုးထဲသို့ ဆီးသွားခဲ့သည့် တရုတ်ဆယ်ကျော်သက်များအား ဒေါ်လာ ၃ သိန်းကျော် ဒဏ်ကြေးပေးဆောင်ရန် အမိန့်ချမှတ်

Photo: AFP/Jade Gao
ပုံစာ - တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ ဈေးဝယ်စင်တာတစ်ခုအတွင်း Haidilao ဟော့ပေါ့ဆိုင်မှ ဝန်ထမ်းတစ်ဦးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်က တွေ့ရစဉ်

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ တရားရုံးတစ်ခုက ဆယ်ကျော်သက်နှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို တရုတ် ဟော့ပေါ့လုပ်ငန်းကြီးဖြစ်သည့် Haidilao သို့ နစ်နာကြေး ယွမ် ၂.၂ သန်း (အမေရိကန်ဒေါ်လာ ၃၀၈,၇၈၅) ပေးဆောင်ရန် အမိန့်ချမှတ်လိုက်သည်။

ဟော့ပေါ့အိုးထဲသို့ ၎င်းတို့ဆီးသွားခဲ့သည့် ဗီဒီယိုတစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းကဲ့သို့ အမိန့်ချမှတ်ခံရခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် အသက် ၁၇ နှစ်အရွယ် တန်နှင့် ဝူ တို့နှစ်ဦးစလုံးသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယင်းလုပ်ရပ်အား တမင်တကာ ကျူးလွန်ခဲ့ကြောင်း ရှန်ဟိုင်းမြို့ ဟွမ်ဖူး ခရိုင်ပြည်သူ့တရားရုံးက စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ရှန်ဟိုင်းမြို့ရှိ Haidilao ဆိုင်ခွဲတစ်ခုတွင် သီးသန့်အခန်းတစ်ခု၌ အစားအသောက်စားသောက်နေစဉ် ၎င်းတို့သည် စားပွဲပေါ်သို့ တစ်လှည့်စီတက်၍ ၎င်းတို့၏ ဟော့ပေါ့အိုးထဲသို့ ဆီးသွားခဲ့ကြပုံကို အပြန်အလှန် ဗီဒီယိုရိုက်ကူးခဲ့ကြသည်။

ဝူ က အဆိုပါဗီဒီယိုကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လူမှုကွန်ရက်၌ ပထမဆုံးတင်ခဲ့ရာ လျင်မြန်စွာပင် လူသိများလာခဲ့သည်။ နှစ်ဦးစလုံးကလည်း ၎င်းတို့၏ လုပ်ရပ်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားမည်ကို အပြည့်အဝသိရှိထားကြောင်းနှင့် ဖြစ်ပေါ်လာမည့် လူမှုရေးဆိုင်ရာဆိုးကျိုးများကို နားလည်ကြောင်း ထိုအချိန်မှစ၍ ပြောကြားခဲ့သည်။

Haidilao က မတ်လ ၁၄ ရက်နေ့တွင် တရားစွဲဆိုခဲ့ပြီး ဆယ်ကျော်သက်နှစ်ဦးစလုံးနှင့် ၎င်းတို့၏မိဘများက လူသိရှင်ကြား တောင်းပန်ရန်နှင့် ကုမ္ပဏီ၏ ဆုံးရှုံးမှု ယွမ် ၂၃ သန်းကျော်အတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့သည်။

တရားရုံး၏အမိန့်အရ ဆယ်ကျော်သက်များသည် ပန်းကန်ခွက်ယောက်ဆုံးရှုံးမှုနှင့် သန့်ရှင်းရေးအတွက် ယွမ် ၁၃၀,၀၀၀၊ Haidilao ၏ ဂုဏ်သိက္ခာပျက်စီးမှုနှင့် စီးပွားရေးဆုံးရှုံးမှုအတွက် ယွမ် ၂ သန်းနှင့် ဥပဒေရေးရာကုန်ကျစရိတ်အတွက် ယွမ် ၇၀,၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

ဒဏ်ကြေးမဆောင်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုမူ တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြထားခြင်းမရှိပေ။

တရုတ်နိုင်ငံ Global Times သတင်းစာက အဆိုပါအမှုသည် “ဂုဏ်သိက္ခာဆိုင်ရာ အခွင့်အရေးများနှင့် ပိုင်ဆိုင်မှုပျက်စီးမှု” နှင့်ပတ်သက်၍ အငြင်းပွားမှုများ ပါဝင်သည်ဟု ဖော်ပြခဲ့သည်။

Shanghai Observer သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် သဘောထားဆောင်းပါးတစ်စောင်တွင် အဆိုပါဖြစ်ရပ်သည် အပြုအမူမမှန်သည့် ကလေးများနှင့် ၎င်းတို့၏မိဘများအတွက် သတိပေးခေါင်းလောင်းသံ တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

တရားရုံး၏စီရင်ချက်အရ တိုင်ကြားခံရသူ ၆ ဦးစလုံးဖြစ်သည့် တန်၊ ဝူ နှင့် ၎င်းတို့၏ မိဘ ၄ ဦးတို့သည် သတ်မှတ်ထားသည့် သတင်းစာများတွင် လူသိရှင်ကြား တောင်းပန်ရန်အတွက် ပူးတွဲတာဝန်ရှိကြောင်း သိရသည်။

မိဘများက ၎င်းတို့၏ အုပ်ထိန်းသူဆိုင်ရာ တာဝန်များကို ပျက်ကွက်ခဲ့ကြသည့်အတွက် ဆယ်ကျော်သက်နှစ်ဦးကို ထိုကဲ့သို့သော လုပ်ရပ်မျိုး ကျူးလွန်ရန် ဦးတည်စေခဲ့ကြောင်းလည်း တရားရုံးက ပြောကြားခဲ့သည်။

Haidilao သည် တရုတ်နိုင်ငံတစ်ဝန်းတွင် စားသောက်ဆိုင် ၁,၃၀၀ ကျော်ကို ဖွင့်လှစ်ထားပြီး တောင်ကိုရီးယား၊ စင်ကာပူ၊ ဩစတြေးလျ၊ အမေရိကန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၀ ကျော်သို့ လုပ်ငန်းများတိုးချဲ့ထားသည်။

မတ်လက ကုမ္ပဏီသည် အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် ထိခိုက်မှုရှိသည့်ဆိုင်ခွဲသို့ လာရောက်ခဲ့ကြသော စားသုံးသူ ၄,၀၀၀ ကျော်အား လျော်ကြေးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ဘယ်နည်းနဲ့မှ အပြည့်အဝ လျော်ကြေးပေးနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အပြည့်အဝ နားလည်ပါတယ်” ဟု ကုမ္ပဏီက မတ်လ ၁၂ ရက်နေ့တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

“တာဝန်ယူမှုအရှိဆုံး ဆောင်ရွက်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟုလည်း ဆိုသည်။

ပန်းကန်ခွက်ယောက်အားလုံးကို ဖျက်ဆီးပြီး အသစ်လဲလှယ်ခဲ့ကြောင်းနှင့် ဆိုင်တစ်ဆိုင်လုံးကိုလည်း စနစ်တကျ ပိုးသတ်သန့်စင်ခဲ့ကြောင်းလည်း ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။