အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံသောနိုင်ငံများအား ပြည်ထောင်စုဝန်ကြီးချုပ် ဝေဖန်

ဓာတ်ပုံ-NUG
ပုံစာ- ပြည်ထောင်စုဝန်ကြီးချုပ် PDFရှေ့တန်းစခန်းတစ်ခုသို့ ရောက်ရှိနေစဉ်။(ပုံဟောင်း)

စစ်အုပ်စု ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုသော နိုင်ငံများသည် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေခြင်းဖြစ် ကြောင်း NUGအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်သည်။

ယနေ့(စက်တင်ဘာ၁၅ရက်)ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ပြည်ထောင် စု ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာ၌ စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲကို မသိမသာရော သိသိသာသာပါ အားပေးထောက်ခံသော နိုင်ငံများအား အထက်ပါအတိုင်း ဝေဖန်လိုက်ခြင်းဖြစ်သည်။

“အဲဒီလို ရွေးကောက်ပွဲကို ထောက်ခံတဲ့ လုပ်ရပ်တိုင်းဟာ မြန်မာပြည်သူတွေ သတ်ဖြတ်ခံရခြင်းကို မျက်ကွယ်ပြုခြင်းဖြစ်ပြီး ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေကို ချေမှုန်းဖျက်ဆီးလိုက်ခြင်းပဲ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရပ်တည်နေကြသော နိုင်ငံများအနေနှင့် စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ မြန်မာပြည်သူတို့၏ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေမှုအပေါ် လက်တွေ့ကျကျ ပံ့ပိုးကူညီပေးရန်လည်း ၎င်းက တိုက်တွန်းသည်။

“စစ်ဘေးရှောင် ပြည်သူတွေအတွက် အင်မတန်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပိတ်ဆို့နေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကိုလည်း ကမ္ဘာ့အဖွဲ့အစည်းတွေအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူများအနေနှင့် ဒီမိုကရေစီအရေးအတွက် ဆက်လက်ရပ်တည်ပေးကြရန်၊ စစ်အုပ်စု၏ လှည့်ဖြားမှုများကို သတိထားကြရန်နှင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်လည်း တိုက်တွန်းသည်။

“ဒီမိုကရေစီ ခရီးလမ်းက ခက်ခဲကြမ်းတမ်းပေမယ့် အဆုံးမှာတော့ ဒီမိုကရေစီဟာ အကြမ်းဖက်စစ်အာဏာရှင်ကို အနိုင်ယူလိမ့်မယ်လို့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်”ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးအင်အားစုများသည် တော်လှန်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အကောင်းဆုံးကြိုုးစားတိုက်ပွဲဝင်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က အလေးအနက် ပြောကြားသည်။