မန္တလေးတိုင်း၊မိုးကုတ်မြို့ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်က ထပ်မံကျူးလွန်ခဲ့ရာ စစ်ဘေးရှောင်နေသူ များသဖြင့် တစ်ဦးသာ ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ၁၆ရက်)နံနက်၇နာရီကျော်တွင် မိုးကုတ်မြို့အရှေ့ပိုင်း၊ရွှေကူရပ်ကွက်အတွင်းရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ စစ်တပ်ကြဲချသည့် ဗုံးတစ်လုံးကျရောက်ခဲ့ရာ ဘုန်းကြီးကျောင်း အောက်ဘက်ရှိ နေအိမ်၄လုံး ပျက်စီးခဲ့ပြီး သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ ကြောင်း မိုးကုတ်မြို့ခံအချို့ထံက သိရသည်။
“ဂျက်ဖိုက်တာနဲ့ကြဲတာ၊တစ်လုံးတည်းဆိုပေမဲ့ တော်တော်ဟိန်းနေရော၊တစ်မြို့လုံး ခါတဲ့အထိ ဟိန်း တာ၊ပေါင်၅၀၀ဗုံးလို့ ပြောကြတယ်။လူတွေကို အသေလာလုပ်တာပဲ။ဒါပေမဲ့၊တော်တော်များများ ပြေး နေလို့ လူမရှိလို့ ထိခိုက်တာနည်းတာ”ဟု မိုးကုတ်မြို့အရှေ့ပိုင်းနေ ပြည်သူတစ်ဦးက MPAသို့ပြော သည်။
ဗုံးကျရောက်သည့်အိမ်နှင့်အနီးဝန်းကျင်တွင် လူမနေတော့သဖြင့် ထိခိုက်မှု နည်းခြင်းဖြစ်ကြောင်း သိရသည်။
“အရင်လ(ဩဂုတ်)တုန်းက လင်းရောင်ခြည်ဘုန်းကြီးကျောင်း ဗုံးကြဲခံရတုန်းက အယောက်၂၀ကျော် သေခဲ့တယ်လေ။အဲကတည်းက ဘယ်သူကနေရဲတော့မှာလဲ။ကိုယ့်မျက်စိရှေ့တင် အပိုင်းပိုင်းပြတ်ပြီး သေသွားတာတွေလည်း မြင်ခဲ့တော့”ဟု ၎င်းက ဆက်လက်ပြောသည်။
ဩဂုတ်၁၄ရက်၊ည၈နာရီခွဲခန့်တွင် စစ်ဘေးရှောင်များ ခိုလှုံနေသော လင်းရောင်ခြည်ဘုန်းကြီး ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့ရာ ပြည်သူ၂၁ဦး သေဆုံးခဲ့သည်။
“ပြီးခဲ့တဲ့ ဇူလိုင်နဲ့ဩဂုတ်မှာ ၁၀ကြိမ်လောက် ဗုံးကြဲခဲ့တာဆိုတော့ တခြားနယ်ပြောင်းနိုင်တဲ့အ ဆင်ပြေတဲ့လူတွေ တော်တော်များများ ပြောင်းကြတယ်။တချို့ အိမ်စောင့်လောက်ထားပြီး ပြောင်း တာရော၊အကုန်လုံး ပြောင်းတာရောပဲ။အဲဒါကြောင့် အခုထိတာ နည်းတာ”ဟု တော်လှန်ရေးတပ်နှင့် နီးစပ်သည့် မိုးကုတ် မြို့သတင်းရင်းမြစ်က ဆိုသည်။
ဩဂုတ်၁၈ရက်၊၁၇ရက်၊၁၄ရက်၊၉ရက်နှင့် ၂ရက်နေ့တို့တွင် မိုးကုတ်မြို့ပြည်သူများကို စစ်တပ် ကဗုံးကြဲသတ်ဖြတ်ခဲ့ရာ ပြည်သူ၄၁ဦး သေဆုံးခဲ့ပြီး ဇူလိုင်၂၉ရက်၊၂၆ရက်၊၁၃ရက်၊၉ရက်နှင့် ၈ရက် တို့ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ၉ဦးသေဆုံးကာ ၄၃ဦးဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
လက်ရှိ မိုးကုတ်မြို့တွင် ဆက်လက်နေထိုင်နေကြသူများမှာ ငွေကြေးအဆင်မပြေမှုနှင့် အခြားသောအကြောင်း များကြောင့် ဖြစ်ကြောင်း မိုးကုတ်မြို့ခံ အိမ်ထောင်စု လေးပုံတစ်ပုံခန့်မှာ ဗုံးခိုကျင်းများ တူးထားကြကြောင်း ၎င်းက ဆိုသည်။
စစ်တပ်သည် မိုးကုတ်မြို့ပြည်သူများကို ဇွန်လတွင်တစ်ကြိမ်၊မေလတွင် ၃ကြိမ်၊ဧပြီတွင် တစ်ကြိမ်၊ဖေဖေါ်ဝါရီတွင် တစ်ကြိမ်နှင့် ဇန်နဝါရီတွင်တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း TNLAမှတ်တမ်းများအရ သိရသည်။
