ကပစ ၆ နှင့် ဆယ်မိုင်ခန့်အကွာ အဝေးသို့ AA ရောက်ရှိလာ၊ စစ်ကော်မရှင်က အပြင်းအထန်ကာကွယ်နေ

ဓာတ်ပုံ-AA
ပုံစာ-စစ်ကော်မရှင် စခန်းတစ်ခုကို သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်အချို့

ရခိုင်ပြည်နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ – ၆)ကို လက်မလွှတ်ရရေးအတွက် စစ်ကော်မရှင်တပ်က အပြင်းအထန်ကာကွယ်နေပြီး နှစ်ဖက်တပ်ဖွဲ့များအနေဖြင့်လည်း ထိခိုက်ကျဆုံးမှုများပြားနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ လက်ရှိအချိန်ထိ အာရက္ခတပ်တော်(AA) အနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်၏ ကာကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိနေပြီး စစ်ကော်မရှင်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန် ခုခံကာကွယ်လျက်ရှိနေသည်။

“ထိုးစစ်ဆင်လာတဲ့ တော်လှန်ရေးတပ်တွေနဲ့ ကပစ ၆ နဲ့က အရမ်းကို နီးကပ်နေပါပြီ။ တဖြည်းဖြည်းနဲ့ ရှေ့တိုးလာတာ ရှစ်လဝန်းကျင်တော့ ရှိပြီ။ မိုင်အားဖြင့်က ဆယ်မိုင်တောင် မရှိတော့ဘူး။ တခြား ကပစတွေထက် ကပစ ၆ က ပိုပြီး အဓိက ကျတယ်” ဟု ပန်းတောင်းမြို့နယ်မှ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ရက်တွင် အာရက္ခတပ်တော်(AA) က ပန်းတောင်မြို့နယ်ရှိ မိုးထိတောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီနှင့် မေလတို့တွင် တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းရှိ စစ်ကော်မရှင်၏ ကာကင်းစခန်းများကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

“ဇန်နဝါရီလထဲမှာ မိုးထိတောင်စခန်းနဲ့ တောင်ပုံကြီးစခန်းပြီးတော့ တောင်ကုတ် – ပန်းတောင်းလမ်းပေါ်က ကာကင်းစခန်းငယ်တွေကို တစ်ကုန်းပြီး တစ်ကုန်းသိမ်းနေတာတွေ ရှိတယ်။ AA ဘက်က တရားဝင်ထုတ်ပြန်ခြင်းမျိုးတော့ မရှိဘူး။ စခန်းတွေ သိမ်းမိတဲ့အခါမှာလည်း စစ်ကော်မရှင်ဘက်က လေယာဥ်၊ ဒရုန်းအရမ်းသုံးတယ်။ ကိုယ့်ဘက်က ထိခိုက်ကျဆုံးရှိသလို စစ်သုံ့ပန်းဖမ်းမိတာ၊ လက်နက်ခဲယမ်းရတာမျိုးတွေ ရှိပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။

စစ်ကော်မရှင်တပ်က ၄င်းတို့ စုဆောင်းထားသည့် တပ်သားသစ်များဖြင့် စုဖွဲ့ထားသည့် တပ်ရင်းများကို အသုံးပြုပြီး ပဲခူးတိုင်းနှင့် အာရက္ခဒေသထိစပ်သော နေရာများတွင် အင်အား ၁၅၀၀ ခန့် ထပ်တိုးကာ မရပ်မနား ထိုးစစ်များ လုပ်ဆောင်နေ၍ ပဲခူး – ရခိုင်အစပ် နေရာအချို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း အာရက္ခတပ်တော်(AA) က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်၌ ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်တပ်က ပဲခူးတိုင်းအနောက်ခြမ်းနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်ရှိ တောင်ကုတ်မြို့နယ်နှင့် တောင်ကုတ် – ပန်းတောင်းလမ်းပိုင်းပေါ်ရှိ တောင်ပုံကြီး၊ မိုးထိတောင်၊ ညောင်ကျိုး၊ ပုဂံကွဲနှင့် နတ်တောင်ကုန်းစခန်းများကို လက်လွှတ်ခဲ့ရပြီးနောက် ပဲခူးတိုင်းဘက်ခြမ်းရှိ ကပစများတွင် အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှတဆင့် ပဲခူးတိုင်းအတွင်းသို့ ဝင်ရောက်လာပါက ကပစ ၆ မှာ ပထမဆုံးတွေ့ရှိရသည့် စက်ရုံတစ်ခုဖြစ်ပြီး၊ အဆိုပါ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၆)ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိနေသည်။

ပန်းတောင်းမြို့နယ်အတွင်း ကပစ – ၃ (ဆင်တဲ – ကျည်နှင့် ဗုံးသီးအမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံ)၊ ကပစ – ၅ (ကမြိုင် – ယမ်းချက်စက်ရုံ)၊ ကပစ – ၆ (ညောင်ခြေထောက် – သံရည်ကျိုစက်ရုံ)၊ ကပစ – ၉ (ကျောက်ဖူး – ရိုင်ဖယ်စက်ရုံ)၊ ကပစ – ၁၆ (မသုန် – ယမ်းချက်စက်ရုံ) တို့ တည်ရှိပြီး၊ စစ်ကော်မရှင်တပ်အားကောင်းရာ ဒေသတစ်ခုလည်း ဖြစ်သည်။

ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ သည် အခြားသော ကာကွယ်ရေးပစ္စည်းစက်ရုံများ လိုအပ်သည့် သံမဏိနှင့် သံများ ထုတ်လုပ်ပေးသည့် အဓိက စက်ရုံဖြစ်သည်။

ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း အာရက္ခတပ်တော်(AA) နှင့်အတူ ပူးပေါင်းတိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် လဆန်းပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပဲခူးတိုင်းအနောက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် AAနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပဲခူးရိုးမမှတဆင့် ပြည်မြို့အတွင်းသို့ ထိုးစစ်ဆင်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေသည်။

“တိုက်ပွဲတွေနဲ့ မနီးမဝေးကရွာတွေကို စစ်ကော်မရှင်တပ်ဘက်က လေကြောင်းဗုံးကြဲတာတွေ ရှိပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့ဘက်တွေဆိုရင်လည်း ပေါ်တာအရမ်းဆွဲတယ်။ စစ်ကော်မရှင်တပ်ရဲ့ ရှေ့တန်းမှာ လူအင်အားအရမ်းလိုနေတယ်လို့လည်း ကြားရတယ်၊ ရွာတွေဘက်မှာ လူဖမ်းပြီး စစ်မှုထမ်းထဲ ထည့်ကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကော်မရှင် အာဏာသိမ်းခဲ့သည့် လေးနှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၃ နယ်မြေနှင့် ထိစပ်လျက်ရှိနေသည့် ပဲခူးတိုင်းအရှေ့ခြမ်းတွင်သာမက ပဲခူးတိုင်းအနောက်ခြမ်းတွင်လည်း အာရက္ခတပ်တော်(AA)နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံရလျက်ရှိနေသည်။

အာရက္ခတပ်တော်(AA) က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခု အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး၊ ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင် ထိုးစစ်ဆင်လျက်ရှိနေသည်။