ဟားခါးလူငယ် ၃ ဦးကို သတ်ဖြတ်ပြီး လက်နက်ကိုင်အဖြစ် အကွက်ဆင်သည့် စစ်ကော်မရှင်ကို ရှုတ်ချ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မြို့ခံလူငယ်သုံးဦးကို စစ်တပ်ကသတ်ဖြတ်ပြီး အတုအယောင်လက်နက်ကိုင်အဖြစ် ဖန်တီးခဲ့ခြင်းအပေါ် CDF Hakha က ပြင်းထန်စွာကန့်ကွက်ရှုံ့ချလိုက်သည်။

မတ်လ ၂၃ရက်က ဟားခါးမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး) ကျောင်းအနီး တရားမဝင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကောလ်လျန်ထျန်း၏ နေအိမ်ဘေးတွင် စစ်ကော်မရှင်တပ်သားများက ယင်းလူငယ်သုံးဦးကို ဖမ်းဆီးကာ ရိုက်နှက်သတ်ဖြတ်ခဲ့ပြီးနောက် အလောင်းများအနီးတွင် ရိုင်ဖယ်သေနတ်ကို ချထားကာ ပြည်သူကို အတုအယောင် လက်နက်ကိုင်အဖြစ် ဖန်တီးခဲ့သည်ကို ရှုံ့ချကန့်ကွက်ကြောင်းနှင့် ကျူးလွန်သူများ ပြန်လည်တာဝန်ယူရမည်ဖြစ်ကြောင်း CDF Hakha က ထုတ်ပြန်သည်။

” လေသေနတ်အတွက် စကုတ်တစ်လုံးပါလာတာတော့ ရှိတယ်။ မြို့ပြင်ထွက်လာကြတာကို GTI နားက စစ်သားတွေက ဖမ်းပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာပါ။ မိသားစုဝင်တွေက ဖမ်းဆီးခံရပြီး ထောင်ထဲရောက်သွားတယ်ထင်နေကြတာ။ မိသားစုဝင်တွေရော ဘာသာရေးခေါင်းဆောင်‌တွေရော ပြန်လွှတ်ပေးဖို့ သွားတောင်းဆိုကြသေးတယ်။ မထူးဘူး။ ဖမ်းခံရပြီး နောက်တရက်မှာ စစ်တပ်လော်ဘီတွေက သူတို့အလောင်းပုံတွေ တင်လာကြပေမဲ့ ဘယ်သူဘယ်ဝါမှန်း သတိမထားလိုက်မိကြဘူး။ မနေ့ကတော့ မိသားစုတွေဆီ သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားလာတယ်။” ဟု ဟားခါးမြို့သတင်းရင်းမြစ်က MPA ကို ပြောသည်။

မတရား ရိုက်နှက်သတ်ဖြတ်ခံရသူများမှာ ဦးထောင်လှေမန်း၊ ဦးထောင်သင်ထန်း နဲ့ ဦးထောင်ဗန်မန်း တို့ဖြစ်ကြပြီး အလောင်းများကို မိသားစုများထံ ပြန်လည်ပို့ဆောင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။

” ၂၀ရက်နေ့ကလည်း ပြည်နယ်လွှတ်တော်ခေါ်နေချိန် ဒရုန်းနဲ့ချထားခံရတော့ လုံခြုံရေးတင်းကျပ်နေတဲ့အချိန်မှာ ဖြစ်သွားတယ်ပဲ ပြောရတော့မယ်။ အရင်က အဲဒီနေရာမှာ ဂိတ်လည်းမရှိသလို စစ်ဆေးတာမျိုးလည်း မလုပ်ဖူးဘူး။” ဟု ၎င်းကပြောသည်။

ဟားခါးမြို့ပေါ်တွင် နေထိုင်ကြသည့် ပြည်သူလူထု၊ အထူးသဖြင့်လူငယ်များအနေဖြင့် စစ်တပ်၏ မတရားဖမ်းဆီးသတ်ဖြတ်မှုများကို အလေးနက်သတိပြုကြရန်နှင့် စစ်တပ်ကို ဆန့်ကျင်တော်လှန်ရာတွင် ကိုယ်တိုင်ပါဝင်သင့်ပြီဖြစ်ကြောင်း CDF Hakha က ဆိုသည်။

ထို့အပြင် သေဆုံးသွားသည့် လူငယ်သုံးဦး၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းရကြောင်း ထုတ်ပြန်ထားသည်။

စာတည်း-ML