လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၎င်းတို့စိုးမိုးထားဆဲဖြစ်သော နယ်မြေများအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များ၏ မိသားစုဝင်များကို ပစ်မှတ်ထားကာ ဖိအားပေးခြင်း သို့မဟုတ် စည်းရုံးသိမ်းသွင်းခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေကြောင်း သိရသည်။
ဤလုပ်ရပ်သည် စစ်ကော်မရှင်၏ စိတ်ဓာတ်စစ်ဆင်ရေးဌာနမှ စနစ်တကျ အကွက်ချစီမံထားခြင်းဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များအတွင်းရှိ ရဲဘော်များကို အလင်းဝင်လာစေရန် သို့မဟုတ် စိတ်ဓာတ်ပျက်ပြားကာ တပ်ခွာသွားစေရန် တမင်တကာ ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ TRI ဗျူဟာမှ ကိုဝေမိုးကျော်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားရာ၌ တော်လှန်ရေးအပေါ် နားလည်သဘောပေါက်မှု အားနည်းပြီး စိတ်ဓာတ်မခိုင်မာသည့် ရဲဘော်အချို့မှာ မည်သို့ပင် ထိန်းသိမ်းပါစေ အနှေးနှင့်အမြန် ထွက်ပြေးကြမည်သာဖြစ်ကြောင်း ရေးသားထားသည်။
“စစ်ကော်မရှင်ဟာ တစ်နိုင်ငံလုံးနီးပါးမှာရှိတဲ့ သူတို့စိုးမိုးနယ်မြေအတွင်းက PDF မိသားစုဝင်တွေကို ဖိအားပေးတာ (သို့မဟုတ်) စည်းရုံးသိမ်းသွင်းတာမျိုးတွေ လုပ်ဆောင်နေပါတယ်။ ဒါဟာ ရန်သူ့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနကနေ PDF ရဲဘော်တွေကို ဆွဲထုတ်ဖို့ တမင်တကာ အစီအစဉ်ချပြီး အကောင်အထည်ဖော်နေတာပါ။” ဟု ကိုဝေမိုးကျော်က ဆိုသည်။
ကိုဝေမိုးကျော်၏ အဆိုအရ စိတ်ဓာတ်မခိုင်မာသည့် ရဲဘော်များအတွက် တပ်ဖွဲ့အနေဖြင့် နှမြောတသဖြစ်နေမည်မဟုတ်ဘဲ တပ်၏လုပ်ထုံးလုပ်နည်းအရ လိုအပ်သည့် “ပြေး/ဖမ်း” လုပ်ငန်းစဉ်များကိုသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အကယ်၍ ထွက်ပြေးသွားသည့် ရဲဘော်များကို ပြန်လည်ဖမ်းဆီးရမိပါက သို့မဟုတ် နယ်မြေပြန်လည်စိုးမိုးရေးကာလတွင် တွေ့ရှိပါက ထိုက်သင့်သည့် ပြစ်ဒဏ်များကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် နောင်တစ်ချိန်တွင် တော်လှန်ရေးအောင်ပွဲနီးကပ်လာ၍ဖြစ်စေ၊ အခက်အခဲကြုံ၍ဖြစ်စေ ပြန်လာပါရစေဟု တောင်းပန်တိုးလျှိုးလာလျှင်သော်မှ လက်ခံသွားမည်မဟုတ်ကြောင်းနှင့် သစ္စာဖောက်သူများကို တပ်ဖွဲ့အတွင်း အလိုမရှိကြောင်း ၎င်းက ဆိုသည်။
PDF ရဲဘော်တစ်ဦး၏ မိဘဖြစ်သူတစ်ဦးက “သားသမီးတွေကို စစ်တပ်က မိဘတွေကတစ်ဆင့် ပြန်ခေါ်ခိုင်းတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်နေတဲ့ သားသမီးတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ လေးစားပါတယ်။ မိသားစုကို ငဲ့ပြီး သစ္စာဖောက်သွားတာမျိုးထက် ဂုဏ်သိက္ခာရှိရှိ ရပ်တည်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါပဲ” ဟု ပြောကြားသည်။
စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ စစ်ကော်မရှင်သည် စစ်မြေပြင်တွင် အရေးနိမ့်လာသည်နှင့်အမျှ မိသားစုဝင်များကို ဓားစာခံသဖွယ် အသုံးချကာ စိတ်ဓာတ်စစ်ဆင်ရေးကို ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တော်လှန်ရေးတပ်ဖွဲ့များအတွင်း သံသယများ ပွားများလာစေရန်ဖြစ်ကြောင်း ထောက်ပြကြသည်။
“စစ်တပ်ဟာ အခုအချိန်မှာ လူအင်အား အတော်လေး လိုအပ်နေသလို PDF တွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ နည်းမျိုးစုံ သုံးနေတာပါ။ ဒါပေမဲ့ ဒါဟာ တပ်ဖွဲ့တွေအတွင်းမှာ စိတ်ဓာတ်မခိုင်မာသူတွေကို စစ်ထုတ်လိုက်သလို ဖြစ်သွားစေနိုင်တယ်” ဟု စစ်ရေးလေ့လာသူတစ်ဦးက ဆိုသည်။
TRI ဗျူဟာအနေဖြင့် တကယ်အလိုရှိသည်မှာ လက်ရှိတွင် စိတ်ဓာတ်ခိုင်မာတည်ကြည်စွာဖြင့် တာဝန်ထမ်းဆောင်နေသော ရဲဘော်စစ်စစ်များနှင့် တော်လှန်ရေးအတွက် အသက်ပေးကျဆုံးသွားကြသည့် အာဇာနည်ရဲဘော်များ၏ သစ္စာကို ဘယ်တော့မှ မဖောက်မည့်သူများသာ ဖြစ်သည်ဟု ကိုဝေမိုးကျော်က ဆိုထားသည်။
တော်လှန်ရေးခရီးရှည်တွင် စိတ်ဓာတ်ကြံ့ခိုင်မှုသည် အဓိကကျပြီး မိသားစုဝင်များအပေါ် စစ်ကော်မရှင်၏ ဖိအားပေးမှုများသည် ရဲဘော်များအတွက် ကြီးမားသည့် စမ်းသပ်ချက်တစ်ခု ဖြစ်လာနေကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
စာတည်း-ကိုဆန်း
