မြန်မာနိုင်ငံ၏ ရှည်ကြာနေသော နိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်သည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Political Coordination Body – PCB) တစ်ခု ပေါ်ထွက်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ယနေ့တွင် တရားဝင်သဘောထား ထုတ်ပြန်ထားသည်။
အဆိုပါ PCB အဖွဲ့ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ထုတ်ပြန်သည့် ကြေညာချက် (၁/၂၀၂၆) တွင် မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းအတွက် အချက် (၉) ချက်ပါဝင်သော အဓိကလုပ်ငန်းစဉ်များကို ချပြခဲ့သည်။
PCB ၏ ထုတ်ပြန်ချက်တွင် ပထမဆုံးတောင်းဆိုချက်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဖော်ပြထားသည်။
ထို့ပြင် ပြည်သူများ၏ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်များကို အာမခံချက်ပေးရန်လည်း PCB က တောင်းဆိုထားသည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို အမြဲတမ်းဖြေရှင်းနိုင်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်လာရေးသည် အဓိကကျကြောင်း PCB က ဆိုသည်။ အဆိုပါ ဥပဒေပေါ်ပေါက်လာစေရန်အတွက် သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
” PCB ဟာ အသက်ရှူချောင်စေမယ့် လမ်းကြောင်းသစ် တစ်ခု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ရှေ့တန်းတင်လာတာကြောင့် သူတို့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍ ပြန်လည်နိုးထလာဖို့ မျှော်လင့်ချက် ရှိလာနိုင်ပါတယ် ” ဟု ပြည်တွင်းရှိ နိုင်ငံရေးစိတ်ဝင်စားသည့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကဆိုသည်။
ထို့ပြင် စစ်ရေးဆောင်ရွက်ချက်များတွင် အရပ်သားပြည်သူများ သေကြေပျက်စီးစေမည့် လုပ်ရပ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများအား လုံးဝရှောင်ကြဉ်ရန် PCB က သတိပေးထားသည်။
ယင်းအပြင် စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ပြည်သူများ၏ လူမှုစီးပွားဘဝများကို ပြန်လည်ထူထောင်ရန်အတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု PCB က ဆိုသည်။
မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စေရန်အတွက် အာဆီယံ (ASEAN)၊ ကုလသမဂ္ဂ (UN) နှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအစိုးရများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု PCB က အသိပေးထားသည်။
“စစ်တပ်က အမြစ်မပြတ်သေးဘဲ ဆွေးနွေးပွဲစားပွဲဝိုင်းကို ပြန်သွားတာဟာ သံသရာဟောင်းထဲ ပြန်ဝင်တာပဲလားဆိုတဲ့မေးခွန်းတော့ရှိပေမယ့် တကယ်ပဲနိုင်ငံရေထွက်ပေါက်တခုဖြစ်လာမယ်ဆိုရင် သွေးကြွေးမှာဆွေးနွေးစရာမရှိဘူးဆိုတဲ့ဟာက ပျောက်သွားမယ်လို့ ထင်ပါတယ်” ဟု လူငယ်အမျိုးသမီးနိုင်ငံရေးတက်ကြွသူတစ်ဦး ကဆိုသည်။
လက်ရှိတွင် PCB အဖွဲ့၌ နိုင်ညွန့်လွင်၊ ဦးသာထွန်းလှ နှင့် ကိုမြအေး တို့ကဲ့သို့ ဝါရင့်နိုင်ငံရေးသမားများ ပါဝင်ဆောင်ရွက်နေကြပြီး၊ ယခုကဲ့သို့ နိုင်ငံရေးအစုအဖွဲ့သစ်တစ်ခု ပေါ်ထွက်လာခြင်းနှင့် ၎င်းတို့၏ တောင်းဆိုချက်များအပေါ် တော်လှန်ရေးအင်အားစုများနှင့် စစ်ကော်မရှင်ဘက်က မည်သို့တုံ့ပြန်လာမည်ကို နိုင်ငံရေးလေ့လာသူများက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။
စာတည်း-ကိုဆန်း
